Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ကဝမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉လူနာများ ထားရှိကုသမှုအခြေအနေအား ကြည့်ရှု

ပဲခူး  ဒီဇင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၁နာရီက ကဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှု အခြေအနေများအား ကြည့်ရှုကြသည်။

ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အဖွဲ့အား ကဝမြို့နယ်‌ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ချစ်က ဆေးရုံကြီးတွင် ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဆေးရုံကြီးအတွက် ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းများအား ဆေးရုံအုပ်ကြီးထံသို့ လည်းကောင်း၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်များတွင် အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်အား မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံသို့ လည်းကောင်း၊ ကူညီဆောင်ရွက်ပေးသော လူမှုကရုဏာ လူမှုကူညီရေးအသင်းအတွက် အလှူငွေ (၃)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ GTI ကျောင်းဝန်းအတွင်း ပဲခူးစက်မှုဇုံနယ်‌မြေရှိ စက်ရုံအလုပ်ရုံများမှ ကိုဗစ်-၁၉ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သော Contact လူနာများ ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးဌာနမှူး ဒေါက်တာ သီဟနှင့် ပဲခူးစက်မှုဇုံ အတွင်းရေးမှူး ဦးဟိန်းထက်တို့က လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)