အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသား စာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ စာပေဆုရ စာရေးဆရာ တချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဆရာ ဉာဏ်ဝေ(မြစ်သာမြေ)
၂၀၁၉ ခုနှစ်အမျိုးသားစာပေဆု- စာပဒေသာ
စာအုပ်အမည် - နှင်းတောင်တန်းက ပန်းဥယျာဉ်
ပထမအချက်အနေနဲ့ စာပေဆုရတော့ ပျော်တာပေါ့။ နောက်တစ်ချက်က စာအုပ်အကြောင်းအရာက နာဂတိုင်းရင်းသားတွေအကြောင်း ရေးထားတာ ဆိုတော့ ကျွန်တော်တစ်ယောက်တည်း ပျော်တယ်ဆိုတာထက် အဲဒီဒေသရဲ့ လူမှုစီးပွားအခြေအနေတစ်ခုခု တိုးတက်မှုအတွက် အပေါင်းလက္ခဏာပြမယ် လို့တော့ ယုံကြည် တယ်။ အဲဒီအတွက် ကျွန်တော် ပိုပြီးတော့ပျော်တယ်။
ကျွန်တော်က ပညာရေးဝန်ထမ်းဖြစ်တော့ ဘဝတူတွေအတွက် ကျွန်တော့်လို နာဂမှာလိုမျိုး၊ ကချင်ပြည်နယ် ခေါင်လန်ဖူးစတဲ့ ခက်ခဲတဲ့ဒေသတွေမှာ တာဝန် ထမ်းဆောင်နေကြရတဲ့သူတွေ ရှိပါတယ်။ အဲဒီထဲမှာ အသက်စွန့်ရသူတချို့လည်း ရှိတာပေါ့။ အဲဒီလိုအရာတွေကို ကျွန်တော်ဂုဏ်ပြုပြီးမှ ကျွန်တော်နမူနာအနေနဲ့ ရေးတာပေါ့။ အခုနိုင်ငံတော်ကပေးတဲ့ဆုက ကျွန်တော်တစ်ယောက်တည်းကို ပေးတာလို့တော့မခံယူပါဘူး။ အားလုံးအတွက် ဂုဏ်ပြုတယ်လို့ ခံယူတယ်။ အဲဒီအတွက် အားလုံးကိုယ်စား ပိုပြီးတော့ပျော်ပါတယ်။
စာအုပ်ရေးဖြစ်ပုံက ကျွန်တော်နာဂဒေသမှာတာဝန်ကျတုန်းက သူတို့ဒေသလေးတွေအကြောင်း၊ လူမှုစီးပွားကနိမ့်ကျရှာတယ်။ လမ်းပန်း ဆက်သွယ်ရေးက ခက်ခဲတဲ့နေရာမျိုးမှာ အရင်တုန်းက မီဒီယာတွေမှာ သူတို့အတွက် တင်ပြနိုင်ဖို့ ကြိုးစားတယ်။ နောက်တော့ စာအုပ်လေးရေးပြီး သီးသန့်တင်ပြမယ်လို့ စိတ်ကူး မိပြီး ၂၀၁၇ လောက် မှာ အကြမ်းရေးတယ်။ ပြီးမှ နာဂဒေသဆိုင်ရာ ယဉ်ကျေးမှု ဂုဏ်ကို ဖော်ပြပေးချင်တော့ တတ်နိုင်သမျှ အမှား အယွင်းကင်းအောင် သေချာ လေး လေ့လာတယ်။ အခုတော့ ဒီဟာလေးက ပေါက်မြောက်တယ်လို့ ပြောရမှာ ပေါ့။ နာဂဒေသရဲ့ ယဉ်ကျေးမှုရယ်၊ လူမှုဘဝတွေရယ်ကို ပုံဖော်နိုင်တယ်ပေါ့။ အဲဒီဒေသရဲ့ အဓိကဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးအကြောင်းကို ပိုပြီးမြှင့်တင် နိုင်အောင်လို့ အဲဒီရည်ရွယ်ချက်နဲ့ ရေးဖြစ်ခဲ့တာပါ။
၂၀၁၁ လောက်က စာတွေစရေးဖြစ်တယ်။ မုံရွာပညာရေးကောလိပ်မှာ ပထမနှစ်စတက်ကတည်းက မင်္ဂလာ မောင်မယ်စွယ်စုံမှာ အလျဉ်းသင့်သလို ရေးတယ်။ ပြီးတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်ဆက်တက်တယ်။ အဲဒီမှာ လည်း နှစ်လည်မဂ္ဂဇင်းတွေမှာ စာမူတွေရေးသားခဲ့တယ်။ ပညာရေးဝန်ထမ်းဘဝ ရောက်တော့လည်း ပညာတန်ဆောင်မှာ ဝတ္ထုတိုနဲ့ ဆောင်းပါးတွေ အလျဉ်းသင့် သလို ရေးတယ်။ ၂၀၁၆ မှာ ပညာတန်ဆောင် ကချီးမြှင့်တဲ့ ဦးသန်းညွန့် ဝတ္ထုလတ် စာမူ ပထမဆုရရှိခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ ဆက်ပြီး အထူးဆုရရှိခဲ့ပါတယ်။ ပြီးမှ အခုဆုရတဲ့ စာအုပ်အတွက် ရေးသားပြုစုတာပေါ့။ ဒီစာအုပ်က ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးစာအုပ်လို့ ပြောလို့ရတယ်။ နောက်ရေးမယ့်ဟာကလည်း တောင်တန်းတွေ၊ တိုင်းရင်းသားတွေအကြောင်းကိုပဲ အလေးပေးပြီး ရေးဖြစ်မယ်ဗျ။
တောင်တန်းတွေ၊ တိုင်းရင်းသားတွေအကြောင်းကိုလည်း စာပေရေးသားမှ၊ ဖတ်ရှုမှသိကြတာပေါ့။ သူတို့ဘဝ အစစ်အမှန်လေးတွေ၊ လူနေမှုဓလေ့လေးတွေ အဲဒါတွေသိပြီးတော့မှ လူမှုဘဝတိုးတက်ဖို့အတွက် အထောက် အကူပေါ့၊ ဥပမာ အလှူရှင်တွေ လှူကြတာမျိုး လှူလည်းလှူကြပါတယ်။ အဲဒီဒေသကို အလည် အပတ်သွားပြီး လူမှု အကျိုးပြုတွေ လုပ်ဆောင်ကြတာမျိုး၊ အဲဒီလို သူတို့ လူမှု စီးပွားဘဝတိုးတက်ဖို့အတွက် ပထမအချက် ရည်ရွယ်တာပေါ့။ နောက်တစ်ချက် က ကျွန်တော်လည်း ပညာရေးဝန်ထမ်းဖြစ်တော့ ဘဝတူတွေရဲဘော်ရဲဘက်လို့ ပြောရမှာပေါ့။ ကျွန်တော်က နာဂကိုပဲ နမူနာအနေနဲ့ ရေးတာပေါ့။ တကယ်တမ်း မြန်မာနိုင်ငံမှာ ခက်ခဲတဲ့ ချင်းတောင် လိုနေရာမျိုးတွေ၊ နာဂမှာတောင် နေရာ ဒေသကွဲပြားပြီးတော့ ခက်ခဲတဲ့နေရာတွေ အများကြီးပဲ။ အဲဒီလိုခက်ခဲတဲ့ နေရာ တွေမှာ ပညာရေးဝန်ထမ်းမှ မဟုတ်ဘူး။ ဝန်ထမ်းပေါင်းစုံ သွားရောက်တာဝန် ထမ်းဆောင်နေရတဲ့ သူတွေရှိတယ်။ အဲဒီဝန်ထမ်းတွေ ကျွန်တော့်စာအုပ်လေးဖတ်မိလို့ရှိရင် စိတ်ဓာတ်တက်ကြွမှုလေးများ ရမလားဆိုတဲ့ ရည်ရွယ်ချက်၊ အဲဒီရည်ရွယ်ချက်နှစ်ချက်နဲ့ ရေးဖြစ်တာပါ။
ဆရာ ဘိုးလှိုင်
၂၀၁၉ ခုနှစ်အမျိုးသားစာပေဆု - ဘာသာပြန်(သုတ)
စာအုပ်အမည်-ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း
သမိုင်းအမြင်၊ နိုင်ငံရေးအမြင် အင်မတန်ကြွယ်ဝတဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး ဂျဝါဟာလားနေရူး ရေးထားတဲ့စာအုပ်ကို ကျွန်တော့်အနေနဲ့ ဘာသာပြန်ဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရူးဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အသက်(၁၃)နှစ်အရွယ်ရှိတဲ့ သူ့ရဲ့သမီးဖတ်ဖို့အတွက် ထောင်ထဲမှာ ရေးသား ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ကတော့ ကမ္ဘာ့သမိုင်းပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးခြောက်ထောင်ကျော် သမိုင်းအစကနေ ၁၉၃၈ ခုနှစ် ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကို ရေးသားခဲ့တာပါ။ အင်မတန်ကျယ်ပြန့်ပြီး တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ သမိုင်းဖြစ်စဉ်တစ်လျှောက်ကို ရေးထားတာပါ။ သူ့ရဲ့မူရင်းစာအုပ်က စာမျက်နှာ ၁၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော့်အ နေနဲ့ အဲဒါကိုဘာသာပြန်ဖို့ အချိန် လေးနှစ်လောက်ယူခဲ့ရပါတယ်။
ကျွန်တော်တို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ၂၀ ရာစုသမိုင်းကို အရင်ရေးပြီး ထုတ်ပါ တယ်။ နောက် အလယ်ခေတ် အေဒီ ၁၅၀၀-၂၀၀၀ ကြားကို ဆက်ထုတ်တယ်။ နောက်ဆုံးမှ ရှေးဟောင်းသမိုင်းကို ရေးသားထုတ်ဝေတာ ဖြစ်ပါတယ်။ နေရူး ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အင်မတန်ဇွဲနပဲကြီးပြီး ပညာလည်းပြည့်စုံလို့ ဒီလိုစာအုပ်မျိုး ရေးသားနိုင်တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစာအုပ်ကို ၂၀၁၅ ခုနှစ်မှာ တစ်ပိုင်း၊ ၂၀၁၇ ခုနှစ်မှာ တစ်ပိုင်း၊ ၂၀၁၉ ခုနှစ်မှာ တစ်ပိုင်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ဝေမှုအနေနဲ့က သုံးအုပ်သုံးပိုင်းပေါ့၊ စာအုပ်အနေနဲ့က တစ်အုပ်ပါ။ ၂၀၁၉ မှာထုတ်တဲ့နောက်ဆုံးအပိုင်းထွက်မှ တစ်အုပ်လုံးပြည့်စုံပြီး ဆုရခဲ့တာ ဖြစ်ပါတယ်။
ဒီစာအုပ်ကိုလုပ်ဖြစ်တာက သီတဂူဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ဆရာတော်ကြီးနဲ့လည်း နေရူးရဲ့စာအုပ်အကြောင်း ဆွေးနွေးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်လောက်က သီတဂူဆရာတော်ကြီးရဲ့ လက်ထောက် ဦးပညောဘာသ ဆိုတဲ့ ဆရာတော်က အဲဒီမူရင်းစာအုပ်ကြီးကို လက်ဆောင်ပေးပါတယ်။ အဲဒီ ကျေးဇူးကြောင့် အခု လိုမျိုး ဘာသာပြန်ဆိုထုတ်ဝေနိုင်ခဲ့တာဖြစ်ပါတယ်။ မူရင်း ရေးသားသူ နေရူးရဲ့ သမိုင်းအမြင်တွေက အင်မ တန် အရေးကြီးလို့ လူတိုင်း ဖတ်သင့်ပါတယ်။ နောက်ပြီး ဒီစာအုပ်ကို ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အရွယ် ရောက်တဲ့ ကျောင်းသား ကျောင်းသူတွေ ဖတ်သင့်ပါတယ်။ သမိုင်းအသိ အလွန်ကိုလိုအပ်ပါတယ်။ ကျောင်း/ တက္ကသိုလ် တစ်ခုခုက ကျောင်းသုံးစာအုပ် အဖြစ်သုံးရင်ဖြင့် ကောင်းလေစွလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုမိပါတယ်။ အမှာ စာမှာလည်း ဖြည့်ရေးထားပါတယ်။
နိုင်ငံတော်အဆင့်က အခုလိုချီးမြှင့်ပေးတော့ ဒီစာအုပ်ကိုပိုပြီးလူသိများစေတာပေါ့။ အဲဒီအတွက်လည်း စာပေ ဆုရွေးချယ် ရေးအဖွဲ့ရော၊ ပြန်ကြားရေး ဝန်ကြီးဌာနရော ကျေးဇူးတင်မိပါတယ်။ ဒီစာအုပ်ကို ကျွန်တော့် အကျိုးစီးပွား အတွက်၊ ထင်ပေါ်ကျော်ဇောလိုမှုအတွက် လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒီစာအုပ် နေရူးဆိုတဲ့ နာမည်ကို လေးစားတန်ဖိုးထားစေချင်လို့၊ ဖတ်စေချင်လို့၊ လူအများ သိအောင်၊ ဖတ်ကြအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို နိုင်ငံတော်က တန်ဖိုးထား အသိအမှတ်ပြုတာကို ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဒါနဲ့ဆိုရင် ဆုရတာ သုံးကြိမ်ရှိပါပြီ။ ကျွန်တော် တော်လို့ ဆုရတာမျိုးမဟုတ်ဘဲ မူရင်းရေးသားသူတွေကောင်းလို့သာ ဖြစ်ပါတယ်။ သူတို့ကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။
ဆရာ ဘိုးလှိုင်၏ အမည်ရင်းမှာ ဒေါက်တာတင်လှိုင်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် သခွတ်ပင်လည်ရွာတွင် ဦးသိန်းမောင်-ဒေါ်အေးတင်တို့က ၁၃-၄-၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ရွာမြောက် ရွှေသိမ်တော်ကျောင်းဆရာတော် ဦးခန္တီဓမ္မ၏ ကန့်ကူလက်လှည့် တပည့်အဖြစ် ရှေးရိုး ဘုန်းတော်ကြီး ကျောင်းပညာ သင်ကြားခဲ့ရသည်။ ၁၉၅၀-၅၁ ခုနှစ်တွင် မြင်းမူမြို့ အထက(၁)တွင် ဒုတိယတန်းသင်ကြားပြီး ၁၉၅၁ မှ ၁၉၅၈ ခုနှစ်အထိ မန္တလေးမြို့ ဒိုင်အိုစီစင်သံတဲ အထက်တန်းကျောင်းတော်တွင် ဆက်လက်သင်ကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။
ထို့နောက် မန္တလေးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားပြီး ၁၉၅၈ မှ ၁၉၆၃ ခုထိ ငါးနှစ်သင် သိပ္ပံ(ဂုဏ်ထူးတန်း၊ ရူပဗေဒအထူးပြု)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကိုလံဘိုစီမံကိန်း စကောလားရှစ် ပညာသင် ဆုရရှိခဲ့ပြီး လန်ဒန် တက္ကသိုလ်တွင် ဘွဲ့လွန်ရူပဗေဒပညာသင်ယူခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် Nuclear and Particle Physics အထူးပြုဖြင့် M.Sc(with distinction)ဘွဲ့ ရရှိခဲ့သည်။ လန်ဒန်တက္ကသိုလ်မှပင် ၁၉၇၆ ခုနှစ်တွင် Positron Annililation in Metals thesis တင်သွင်းပြီး Ph.D ဘွဲ့ ရရှိခဲ့သည်။ ယင်းသုတေသနကျမ်းမှာ Nuclear Physics နည်းပညာအသုံးချပြီး သတ္တုများအတွင်းသား တည်ဆောက်ပုံ အနာ အဆာများကို လေ့လာတွေ့ရှိချက်များ တင်ပြချက်ဖြစ်သည်။
အသက်မွေးဘဝမှာ အဓိက တက္ကသိုလ်ဆရာဖြစ်သည်။ မန္တလေးတက္ကသိုလ် (၁၉၆၃-၆၄)၊ မကွေးဥပစာ ကောလိပ်(၁၉၆၄-၆၇)၊ ရန်ကုန် တက္ကသိုလ်(၁၉၆၇-၇၈)၊မော်လမြိုင်ဒီဂရီကောလိပ်(၁၉၇၈-၈၆)နှင့် မန္တလေး တက္ကသိုလ် (၁၉၈၆-၉၅) တက္ကသိုလ်ဆရာလုပ်သက် ၃၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာ့ သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနသို့ပြောင်းရွှေ့ပြီး ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်သည်။ ၁၉၉၇ ခုနှစ်တွင် အဏုမြူစွမ်းအင် ဦးစီးဌာန တည်ထောင်သူညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် အငြိမ်း စားယူသည်။ တာဝန်ထမ်းဆောင်ဆဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ အင်ဂျင်နီယာရူပဗေဒ အချိန်ပိုင်း ပါမောက္ခအဖြစ် ငါးနှစ်သင်ကြားခဲ့သည်။
အငြိမ်းစားယူပြီးနောက် အောက်ပါအဖွဲ့အစည်းများတွင် ပါဝင်တာဝန် ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲဖြစ်သည်။
- အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့(ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ယခုပညာရေးဝန်ကြီးဌာန)တာဝန် ထမ်းဆောင်ဆဲ။
- အကြံပေးပုဂ္ဂိုလ်၊ သာသနာရေးဝန်ကြီးဌာန(အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် တွဲဖက်) ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ။
- မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်(၂၀၁၅-၂၀၁၈ ပထမကောင်စီနှင့် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ ဒုတိယသက်တမ်းကောင်စီ)။
- စာတည်းချုပ်(သိပ္ပံ)၊ မြန်မာ့စွယ်စုံကျမ်းများပြန်လည်ထုတ်ဝေရေးအဖွဲ့(ပြန်ကြားရေးဝန်ကြီးဌာန) ၂၀၁၆ ခုနှစ်မှ ယနေ့အထိ။
- ထွန်းဖောင်ဒေးရှင်းစာပေကော်မတီအဖွဲ့ဝင် ၂၀၁၆ ခုနှစ်မှ ယနေ့အထိ။
ဆရာ ဆင်ဖြူကျွန်းသန်းထွန်း
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု - နိုင်ငံရေးစာပေ
စာအုပ်အမည်-မြန်မာ့နိုင်ငံခြား ဆက်ဆံရေးများ
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီမတိုင်ခင် ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှာ အလုပ် လုပ်ခဲ့တယ်။ အဲဒီအကြောင်းတွေကို စာဖတ် ထားတယ်။ စာဖတ်ထားတာပေါ်မူတည်ပြီး နောက်မျိုးဆက်တွေကို အဓိကထားပြီးတော့ ဒီစာအုပ်ကို ရေးလိုက်တာပါ။ ကျွန်တော့်စာအုပ်ကို ရွေးချယ် ဆုပေးခဲ့တဲ့အတွက် ဝမ်းသာ ပါတယ်။ ဒီဆုက ဒုတိယအကြိမ် ရတာပါ။ ၂၀၁၇ တုန်းက ပြည်သူဗဟိုပြု ဝန်ဆောင်မှုများဆီသို့ စာအုပ်နဲ့ အမျိုးသား စာပေဆု ရခဲ့ပါတယ်။
အဓိကပြောချင်တာကတော့ နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်ပြီး ဖတ်ချင် တဲ့၊ လေ့လာချင်တဲ့ လူငယ်တွေ အတွက်၊ နောက်မျိုးဆက်တွေအတွက် အဓိက မှန်းပြီး ရေးလိုက်တဲ့ စာအုပ်ပါပဲ။ စာအုပ်က နှစ်အုပ်ပဲ ရေးတယ် အဲဒီနှစ်အုပ် စလုံး ဆုရတယ်။ ဒါပေမယ့် နိုင်ငံခြားဆက်ဆံရေးအကြောင်းတို့၊ နိုင်ငံ့ဝန်ထမ်း အကြောင်းတို့က ဆောင်းပါးတွေ တော်တော်များများ ရေးဖူးပါတယ်။ အထူး သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်တဲ့ စာစောင် တွေမှာ နှစ်တိုင်းရေးနေပါ တယ်။ လောလောဆယ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် လုပ်နေ တာဆိုတော့ နိုင်ငံ့ဝန်ထမ်းနဲ့ ဝန်ဆောင်မှု ပြုပြင်ပြောင်းလဲရေးများစာအုပ်ကို ဒီနှစ်ဆန်းမှာ ထုတ်ဖို့ရည်ရွယ် ချက်ရှိပါတယ်။ ကျွန်တော်ကတော့ နိုင်ငံ့ဝန်ထမ်း တွေရဲ့အကြောင်း၊ နိုင်ငံခြားဆက်ဆံရေးအကြောင်း ဒီအ ကြောင်း နှစ်ခုပါပဲ။
စာရေးတာက တစ်ခုခုကို မျှော်လင့်ပြီးရေးတာလဲ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုအသိအမှတ်ပြုလိုက်တော့ စာရေးချင်စိတ်၊ စာရေးဖို့ အားဖြစ်တာပေါ့။နောက်ထပ်စာရေးချင်အောင် အားဖြစ်တဲ့အတွက် ဆုပေးတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေကိုလည်း ကျေးဇူး တင်ပါတယ်။ ဒီလိုအားပေးမှ ရေးတဲ့သူတွေက အားဖြစ်လာတာပါ။ ကျွန်တော့်အနေနဲ့ စာတွေ ဆက်ရေးသွားဖို့ စိတ်ဆန္ဒရှိပါ တယ်။
ကျွန်တော့်စာအုပ်ကို ကြိုးစားပြီးဖတ်ကြည့်ပါ။ ဖတ်ကြည့်တဲ့အခါ နောက်ပိုင်းမှာ ရေးထားတဲ့ ရည်ညွှန်း စာအုပ် တွေ ပါပါတယ်။ အဲဒီစာအုပ်တွေကို ရှာပြီးတော့ ဆက်ဖတ်ပေးပါ။ အကုန်လုံးအကြောင်းအရာစုံအောင် မရေးနိုင် ပါဘူး။ အလွယ်ဖတ်လို့ရအောင် ရည်ညွှန်းစာတွေ ထားထားတဲ့အတွက် အဲဒါ တွေကို ရှာပြီး ဆက်ဖတ်ကြည့်ရင် ကျွန်တော့်စာအုပ်ထက် ပိုပြီးတော့ နားလည် လာမယ်။ ပိုပြီးကောင်းတဲ့ အသိအမြင်တွေ ရလာမယ်လို့ ယုံပါတယ်။ ရည်ညွှန်း စာအုပ်တွေကိုရှာပြီး ကြိုးစားဖတ်စေချင်ပါတယ်။
ဆရာ မောင်ခိုင်လတ်
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု - ရသစာတမ်း(အက်ဆေး)
စာအုပ်အမည်-ဘုရားသခင်နဲ့ ကြွေအန်ကစားသူများ အက်ဆေးစုစည်းမှု
ရသစာတမ်းဆုက အခုက သုံးကြိမ်မြောက်ပေးတာ အရှေ့မှာမရှိခဲ့ဘူး။ ၂၀၁၇ စာပေညီလာခံမှာ ကျွန်တော်တို့ အက်ဆေးဆရာ ငါးယောက်က ဆွေးနွေးခဲ့ ကြတယ်။ ဆွေးနွေးပြီးပြန်ကြားရေးကိုတင်တယ်။ စာပေဗိမာန် ကိုတင်တယ်။ အဲဒီကနေ အက်ဆေးရသစာတမ်းဆုကို ပေးဖို့အတွက် ဖြစ်လာတာပေါ့။ ၂၀၁၇ မှာ ပထမဆုံး ရသစာတမ်းဆု စပေးတယ်။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရတယ်။ ၂၀၁၈ မှာ ဆရာမင်းချမ်းမွန် ရသွားတယ်။ အခု ၂၀၁၉ မှာ ကျွန်တော် ရတယ်။
ပြောရရင်တော့ အက်ဆေးကို မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာဖို့ တစ်ကျော့ပြန် ဆန်းသစ်လာဖို့ အက်ဆေးဆရာတွေ ဝိုင်းဝန်းကြိုးပမ်းဖန်တီးကြတာပေါ့။ အဲဒီ ကနေ ရသစာတမ်း(အက်ဆေး)ဆု ဖြစ်လာတာ ဝမ်းသာပါတယ်။ ဆုရတဲ့အတွက် လဲ ကျေနပ်တယ်။ ဒီစာအုပ်မှာပါတဲ့အက်ဆေး ၂၁ ပုဒ်မှာဆိုရင် တစ်ပုဒ်ချင်းစီက သူ့သီခြား ဦးတည်ချက်တွေ ရှိတယ်ပေါ့။ ခေါင်းစဉ်ယူထားတာတော့ ကျွန်တော့် စကားလုံး မဟုတ်ပါဘူး။ သိပ္ပံပညာရှင် Albert Einstein ရဲ့ဟာကို ပြောင်းပြန် လှန်ပြီး ပြန်ယူထားတာပါ။ ဘုရားသခင်ဟာ စကြာဝဠာနဲ့ ဘယ်တော့မှ ကြွေအန် မကစားဘူးဆိုတဲ့ သူရဲ့ကမ္ဘာကျော် ပြောစကားကို သူပြောတဲ့ဘုရားသခင်ကတော့ ထာဝရဘုရား သခင်ပေါ့။ သူကခရစ်ယာန်ဆိုတော့ ထာဝရဘုရားသခင်ဟာ ဘယ်တော့မှ ကြွေအန်မကစားဘူး။
အဲဒီအပေါ်မှာ ပြောင်းပြန်လှန်ပြီးတော့ ဘုရားသခင်နဲ့ ကြွေအန်ကစားသူများ ကြွေအန်ကစားသူများဆိုတာ ဘုရား သခင်ရဲ့ ဟောပြောချက် တွေပေါ်မှာ Complain တက်တဲ့သူတွေအားလုံးကို ရည်စူးပြီးတော့မှ ပြောတာ။
သိပ္ပံပညာရှင်တွေကတော့ သူ့အလုပ်ပဲသူလုပ်တာ၊ သူတို့က ကိုယ်ကိုးကွယ်တဲ့ ဘုရားသခင်ကိုတောင် Complain တက်စရာရှိရင် လှလှပပလေး ပညာသားပါပါနဲ့ ပြောတယ်ဆိုတာကို ကျွန်တော်က အဲဒါလေး လိုချင်တာ၊ အဲဒီရည်ရွယ်ချက်ပါပဲ။ ဘုရားကိုဆန့်ကျင်ပြီး ပြောတာလည်း မဟုတ်ဘူး။ ဘုရားက အဲဒီလိုပြော ခဲ့တယ်။ သူတို့ရဲ့ရှာဖွေ တွေ့ရှိချက်က ဘာဆိုပြီး ပြတယ်။ အဲဒါလေးကို သဘောကျလို့ပါ။ အဲဒါနဲ့ခေါင်းစဉ် ယူဖြစ်တာပါ။
လုံးချင်းရေးတာက ၁၀ အုပ်ရှိပြီ။ စုပေါင်းရေးတာ ကတော့ အုပ်လေးငါးဆယ်လောက်ရှိမယ်။ အမျိုးသားစာပေ ဆုကတော့ ပထမဆုံးအကြိမ်ရဖူးတာ။ ပုဂ္ဂလိကဆုတွေ ကတော့ ရှေ့မှာရဖူးတာရှိပါတယ်။ ရသစာတမ်းဆုကို ကျယ်ကျယ်ပြန့်ပြန့်လည်းဖြစ်စေချင်၊ ကျယ်ကျယ်ပြန့်ပြန့် လည်း ရေးချင်၊ သတင်းတွေမှာလည်း ဖော်ပြနိုင် အောင် ကြိုးပမ်းခဲ့ကြတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါ ဘူး။ ရသစာတမ်းရေးတဲ့သူတွေ စုပေါင်းပြီးတော့မှ ကြိုးပမ်း ကြတာပါ။ ကြိုးပမ်းမှုရဲ့ ရလဒ်တစ်ခုပါပဲ။ အဲဒါလေးကို ဆုတစ်ခုအဖြစ် ပေးတဲ့အတွက် ဝမ်းလည်းသာတယ်။ ကျေလည်းကျေနပ်တယ်။
နောက်ရေးမယ့် အက်ဆေးဆရာလေးတွေ၊ နောက် မျိုးဆက်တွေအတွက် ပြောချင်တာကတော့ အက်ဆေးရေးချင်ရင် အက်ဆေးများများဖတ်ပါ။ ဒါပေမယ့် ကိုယ်ပိုင် အတွေးအခေါ်နဲ့ ခေတ်ပြိုင်ခံစားမှုကို ကြည့်ပြီးမှရေးရင် တော့ စာဖတ်သူတွေအတွက် ပိုပြီးတော့ ကိုက်ညီနိုင်မယ် လို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း-ဟိန်းထက်လင်း(ကြေးမုံ)၊ အေးမင်းသူ