Skip to main content

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှု ကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ (၂/၂၀၂၀) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က မြန်မာ နိုင်ငံတွင် COVAX အစီအစဉ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက်တွင် ပေးပို့ရန်အတွက် (၂၀၂၁) ခုနှစ်၊ ဒုတိယ သုံးလပတ်မှ (၂၀၂၂) ခုနှစ်၊ ဒုတိယသုံးလ ပတ်အထိ ကာကွယ် ဆေးထိုးနှံမည့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေး ထိုးနှံပေးမည့် ဦးစားပေးအုပ်စု၊ Gavi နှင့် မြန်မာနိုင်ငံမှ ကုန်ကျ ငွေကို ခွဲဝေကျခံမည့် ပုံစံ၊ မိမိတို့နိုင်ငံမှ သုံးစွဲလိုသည့် ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ် ဆေးရရှိပါက သိုလှောင် သယ်ဆောင်ထိုးနှံမည့် အစီအစဉ် အစရှိသည်တို့ကို Gavi, the Vaccine Alliance မှ ပေးပို့သော ဖောင်ပုံစံ တွင် အသေးစိတ် ဖြည့်စွက်၍ မပေးပို့မီ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee CNCC) နှင့် အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG)  တို့ နောက်ဆုံး အဆင့် အသေးစိတ်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆွေးနွေးရာ၌ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအခြေအနေတို့ကို နောက်ခံ ထား၍ စဉ်းစားရမည်ဖြစ် ပါကြောင်း။

ဤကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် Gavi, the Vaccine Alliance နှင့် အချိန်နှင့် တစ်ပြေးညီ အသေး စိတ်ကြိုတင်ဆွေးနွေးထားပြီး ဖြစ်သဖြင့် ကာကွယ်ဆေး အမြန်ဆုံးရရှိမည်ဟု ယူဆထားပါကြောင်း၊ Gavi, the Vaccine Alliance သို့ အကြောင်းကြားရန်လုပ်ဆောင်နေချိန်တွင် မိမိတို့သည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည် ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရရှိသည့်အချိန်၌ မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ကာကွယ်ဆေး (၁၃) မျိုးကို နှစ်ပေါင်းများစွာ ထိုးနှံပေးနေသည့် အတွေ့အကြုံများစွာရှိသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။

မိမိတို့ အထူးသတိပြုရမည်မှာ အအေးလမ်းကြောင်း စနစ်ပင်ဖြစ်ပါကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လိုအပ် နိုင်သည့် အချက်များကို သိရှိသည့် အတွက် ကြိုတင်ပြင်ဆင်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မည်သည့် ကာကွယ်ဆေးအမျိုးအစားကို ရရှိမည်ဆိုသည်ကို Gavi, the Vaccine Alliance မှ မိမိတို့ထံသို့ ကြိုတင် အကြောင်းကြား အသိပေးမည်ဖြစ်ပါကြောင်း၊ COVAX အစီအစဉ်မှ (၂၀၂၁)ခုနှစ်အတွင်း အများဆုံးရရှိနိုင်မည့် ကာကွယ်ဆေးပမာဏမှာ မြန်မာနိုင်ငံ လူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက်သာ ရရှိမည်ဖြစ်ပြီး ရရှိခြင်းမှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ် သည်ကို သိရှိရပါကြောင်း။

ထို့ကြောင့်မိမိတို့သည် ထပ်မံလိုအပ်မည့်ပမာဏကို ဝယ်ယူနိုင်ရန်အတွက် ကာကွယ်ဆေး  ထုတ်လုပ် သုတေသနပြုနေသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့မှ သက်ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီးများနှင့် ဆက်သွယ်၍ ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ထပ်မံလိုအပ်မည့် ကာကွယ် ဆေးပမာဏကို ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော် ဘဏ္ဍာငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ဖြင့် ဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်များလည်း ရရှိပြီး ဖြစ်ပါကြောင်း၊ ယခုအခါ အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးကို စတင်ထိုးနှံတော့မည်ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ကာကွယ်ဆေး၏ ချက်ချင်းဘေးထွက်ဆိုးကျိုးနှင့် ရက်အတော်ကြာမှ ဖြစ်ပေါ် လာမည့် ဘေးထွက်ဆိုးကျိုးတို့ကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

အထူးသဖြင့် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအချို့မှာ ကမ္ဘာ၌ ယခင်က တစ်ကြိမ် တစ်ခါမျှ အသုံးပြုခြင်း မရှိသေးသည့် ပုံစံဖြင့် ထုတ်လုပ်ထားသည့်အတွက် မိမိတို့သည် သတင်း ထောက်လှမ်း၍ အမြဲတမ်း သုံးသပ် မည်ဖြစ်ပါကြောင်း၊ ဤကာကွယ်ဆေးသည် လက်တွေ့တွင် မည်သည့်အချိန်အတိုင်းအတာကာလအထိ ကာကွယ် မှုပေးနိုင်မည်ကိုလည်း ဆက်လက် လေ့လာ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြု အလေး ထားရမည်မှာ ကမ္ဘာ့နိုင်ငံ အားလုံးမှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစား လျက်ရှိခြင်း၊ COVAX အစီအစဉ်ဖြင့် မိမိတို့နိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမည့် အရေအတွက်မှာ COVAX အစီအစဉ်နှင့် အကြုံးဝင်သည့် (၉၂) နိုင်ငံနှင့် အချိုးကျ မျှဝေရရှိမည်ဖြစ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက်ခွဲရမည်ဖြစ်ခြင်း၊ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိပြည်သူများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံလွှမ်း ခြုံနိုင်ရန်မှာ ကာကွယ်ဆေး ရရှိမှု ပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည် ဖြစ်သဖြင့် လူထုအတွင်း လုံလောက်သော ရောဂါ ခုခံကာကွယ် နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲခြင်း တို့ကြောင့် " ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို လုံးဝပေါ့ဆမှုမရှိဘဲ အထူးအလေးထားကာ လပေါင်းများစွာ ဆက်လက် လိုက်နာ ဆောင်ရွက်ခြင်း သည် အကောင်းဆုံး သောရောဂါ ကာကွယ်မှု ဖြစ်သည်" ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း။

ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ခြင်းနှင့် အခြား ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိကျစွာ လိုက်နာခြင်းတို့သည် ကာကွယ်ဆေးထိုးထား သကဲ့သို့ပင်ထိရောက်ပါကြောင်း၊ သို့သော် လည်း မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြု ချက်များကို အသုံးပြု၍ အခြား နိုင်ငံများကဲ့သို့ပင် မိမိတို့ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးရန်အတွက် ဗဟိုကော်မတီမှ လမ်းညွှန်ချက်များ ပေးအပ်ထားပြီး ဖြစ်သည့်အတွက် မိမိတို့သည် အစွမ်း ကုန်ကြိုး စားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ ကာကွယ် ဆေး တစ်ကြိမ်ထိုးပြီးက တစ်သက်တာ နီးပါး ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုး မဟုတ်ပါကြောင်း၊ ယခုထွက် ပေါ်လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် နှစ်ကြိမ်ထိုးပြီးပါက မည်သည့် အချိန်အတိုင်း အတာကာလ အထိ ရောဂါမှ ကာကွယ်ပေးနိုင်မည်ကို မသိရှိရသေးပါကြောင်း။

အဆိုပါ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်မှာ အထူးအရေးကြီးသဖြင့် ကျန်းမာရေး အသိ ပညာ ပေးခြင်းနှင့် သတင်းမီဒီယာများမှ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး ချက်ချင်းနှင့် အချိန်အတန်ကြာမှဖြစ်ပွားသော နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) နည်းပါးခြင်း၊ အာနိသင်စွမ်းရည်ထက်မြက်၍ ရောဂါကာကွယ် နိုင်သည့် ကာလ ကြာရှည်ခြင်း၊ ကာကွယ်ဆေးထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊ မိမိတို့နိုင်ငံ ကျန်းမာရေးစနစ်အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊ လိုအပ်သည့် ပမာဏကို စောစီးစွာ ရရှိနိုင်ခြင်း အစရှိသည့်အချက်များအပေါ်မူတည် စဉ်းစား ဆုံးဖြတ်ရခြင်းဖြစ်ပြီး COVID-19 ကာကွယ် ဆေးသည် အသုတ်လိုက်ခွဲကာ ရရှိမည်ဖြစ်သဖြင့် ဦးစားပေးထိုးနှံ ပေးသင့်သည့် လူအုပ်စုများကို တိကျ သေချာစွာ သတ်မှတ်ထားရှိရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးရရှိ ထိုးနှံပေးနိုင်ရေးအတွက် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံတကာ ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနစမ်းသပ်မှုသတင်းများကို တရားဝင်လမ်းကြောင်းများမှ မျက်ခြေမပြတ်စုံစမ်းခြင်း၊ Gavi, the Vaccine Alliance အဖွဲ့နှင့် အမြဲချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ်ဆေးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေများကို အချိန်နှင့်တပြေးညီ အသေးစိတ် ဆန်းစစ်ထားရှိခြင်း (readiness assessment)၊ COVAX Facility မှ Gavi, the vaccine alliance ၏ပံ့ပိုးမှုအပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံ သဘော တူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေးထုတ်လုပ်သူများထံမှ တိုက်ရိုက် ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်လျက်ရှိခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်း တို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် Gavi, the Vaccine Alliance အဖွဲ့၊ COVAX Facility၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုစမ်းသပ်နေသော အိန္ဒိယ၊ တရုတ်၊ ရုရှ၊ ယူကေ၊ အမေရိကန် စသည့်နိုင်ငံများနှင့် အမြဲချိတ် ဆက်လျက်ရှိကာ ကာကွယ်ဆေး အမြန်ဆုံး ဝယ်ယူရရှိ ထိုးနှံနိုင်ရန် ဆက်လက်ပြု လုပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လည်း Gavi, the vaccine alliance အဖွဲ့၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ် နေသောနိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့် တိုက်ရိုက်ဖုန်း ဆက်ဆွေး နွေးခြင်းကို ပြုလုပ်လျက်ရှိပါကြောင်း၊  ယမန်နေ့က World Bank အဖွဲ့နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးထိုးနှံရေး ကိစ္စရပ်များအတွက် World Bank အဖွဲ့မှ မြန်မာနိုင်ငံသို့ ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ သေးစိတ်ဆွေးနွေးခဲ့ပြီး World Bank နှင့် ဆက်လက် ချိတ် ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါဆွေးနွေးချက်များနှင့် ဝန်ကြီးဌာန၏ အကြံပြုချက်များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ တင်ပြထားပြီး လမ်းညွှန်မှုများခံယူကာ ဆက်လက် ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက ဝန်ကြီးဌာနအတွက် အကြံပြုချက် များပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၊ COVAX Facility တို့နှင့် ဆက်သွယ် ဆွေးနွေးချက်များ၊ နိုင်ငံတကာမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးသားအဆင့် ကာကွယ်ဆေး ထိုးလုပ်ငန်း ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ဆက်လက်ပေးပို့ကာ တိုင်ပင်ဆွေးနွေး ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း နှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေးအရည် အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင် များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက် အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှု ဆိုင်ရာ၊ ကပ်ရောဂါဖြစ်ပွားနေပုံအခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ကာကွယ်ဆေး ရရှိရန် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း အဖွဲ့ခွဲများမှ ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါက်တာအေးမြချမ်းသာတို့ က ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေး အတွက် အစီအစဉ်များနှင့် ပတ်သက်၍ တင်ပြကြရာ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်း ပေါင်းစပ် ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၀) အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, The Vaccine Alliance ထံသို့ ဒီဇင်ဘာ (၇)ရက်အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့် အဆိုပြုလွှာ (application)ကို ရှင်းလင်း တင်ပြခဲ့ပြီး၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ထားရှိမှုများ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး နှံရန် ရည်မှန်းဦးရေနှင့် ဦးစားပေးထိုးနှံမည့် လူအုပ်စုများကို ရွေးချယ်ရာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကာကွယ်ဆေးဆိုင်ရာ အထူးကျွမ်းကျင် ပညာရှင်များအဖွဲ့၏ အကြံပြုချက်နှင့်အညီ မိမိတို့ နိုင်ငံနှင့် သင့်တော်အောင် ရွေးချယ်သတ်မှတ်ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် လူဦးရေ ရာခိုင်နှုန်းအလိုက် ခန့်မှန်း ကုန်ကျစရိတ်များ၊ ဘဏ္ဍာငွေ၊ ရန်ပုံငွေနှင့် ချေးငွေရယူနိုင်မှု အခြေအနေ များ၊ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာ အခြေအနေများနှင့် ထုတ်လုပ်နိုင်မှု အနေအထားများ၊ အိန္ဒိယ၊ တရုတ်၊ ရုရှ၊ ယူကေနိုင်ငံ သံရုံးများနှင့် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသော ကုမ္ပဏီ များနှင့် ချိတ်ဆက်ဆွေးနွေးထားရှိမှုများ၊ World Bank အဖွဲ့နှင့် အစည်းအဝေးများ ပြုလုပ် ဆွေးနွေးထားရှိမှုများ၊ အလွန်အမင်းအေးခဲမှုလိုအပ်သော ကာကွယ် ဆေးသိုလှောင်ထိန်းသိမ်းမှု စနစ်လိုအပ်သည့် ကာကွယ်ဆေးများရရှိလာပါက ထိန်းသိမ်း ထားနိုင်ရေး အတွက် အအေးလမ်း ကြောင်း စနစ်ပြင်ဆင်ထားရှိမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပုဂ္ဂလိ ကဏ္ဍနှင့် လှူဒါန်းမှုများတွင် အသုံးပြုလိုပါက ပြည်သူများ အန္တရာယ် ကင်းရှင်းစေရန်အတွက် လိုအပ်မည့် အချက်အလက်များကို ပြဌာန်းရန် ကိစ္စရပ်များ၊ COVAX Facility မှ တစ်ဆင့်ရရှိလာနိုင်သည့် ကာကွယ်ဆေး၏ အမျိုးအစားလက္ခဏာ (Vaccine Characteristics) (၁၂) မျိုးနှင့် ပတ်သက်၍ နိုင်ငံမှ နှစ်သက်လိုလားမှု အဆင့်ကို ရွေးချယ်သတ်မှတ်ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ကိုဗစ်-၁၉ လူနာများ အားကိုင်တွယ်ကုသမှု လုပ်ငန်း များနှင့် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေး လုပ်သားများ၊ မရှိမဖြစ်အရေး ကြီးသည့် ကဏ္ဍများမှ ဝန်ထမ်းများ၊ ရောဂါဖြစ်ပွားပါက အသက် အန္တရာယ် စိုးရိမ်ရနိုင်ချေရှိသည့် အသက်အရွယ်ကြီးသူများအား ဦးစားပေးထိုးနှံလူအုပ်စုတွင် ထည့်သွင်းရန်နှင့် ရောဂါဖြစ်ပွား၊ သေဆုံးမှုများသော တိုင်းဒေသကြီး/ပြည်နယ်ကို ရွေးချယ်မည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း၊ အဖွဲ့ဝင် များဖြစ်သည့် ပါမောက္ခဒေါက်တာသိန်းအောင်၊ ပါမောက္ခဒေါက်တာ စောဝင်း၊ ပါမောက္ခဒေါက်တာနေဝင်း၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ ပါမောက္ခဒေါက်တာခင်ပြုံးကြည် နှင့် အခြားအဖွဲ့ဝင် ပညာရှင်ကြီးများက နည်းပညာဆိုင်ရာအကြံပေးအဖွဲ့သည် လိုအပ်ချက်အပေါ်တွင် မူတည်၍ တစ်ပတ်တွင် (၂)ကြိမ် ဆွေးနွေးပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာများရရှိနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အာနိသင်မရှိသည့်၊ ဘေးထွက်ဆိုးကျိုးများသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများ ပြည်တွင်းသို့ ဝင်ရောက်လာ နိုင်သည့် ကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍမှလည်း ဝယ်ယူထိုးနှံနိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများ ပေါ်ထွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံချိန်တွင်လည်း လူစု လူဝေး မဖြစ်စေဘဲ စနစ်တကျထိုးနှံနိုင်ရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးအပ်ကြ သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည့် အဆိုပြုလွှာ (application) ကို အတည်ပြုပေးခဲ့ကာ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် ပြည်သူများအကျိုးအတွက် စိတ်ပါဝင်စားစွာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ အကြံပြုမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ဆုံး ရရှိထိုးနှံနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ကို အားလုံးဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 (သတင်းစဉ်)