မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မန်းရွှေစက်တော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
မင်းဘူး ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် မန်းရွှေစက်တော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် အောက်စက်တော်ရာ၌ ပန်း၊ ရေချမ်း၊ ဆီးမီးကပ်လှူခြင်း၊ နမ္မဒါတည်းခိုဆောင်နှင့် တည်းကျောင်း များ ဆောက်လုပ်ပြီးစီးမှုနှင့် ငဖဲမြို့နယ်ဘက် အထွက်လမ်း၊ နဂါးနီ အနောက်ဘက်ရှိ အဆင့်မြင့် ရေလောင်းအိမ်သာ ဆောက်လုပ်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ဘုရားကျေးရွာ ပတ်လမ်းမှတစ်ဆင့် ဘုရားပွဲတော်ကွင်း၊ မကျီးကုန်းတွင် ဆောက်လုပ်ထားသော ရွှေစက်တော် မီးသတ်စခန်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရပ်တော်မူဘုရားတို့တွင် လုပ်ငန်းများပြီးစီးမှု နှင့် ကိုးခန်းကြီးတွင် ကြွေပြားခင်းထားမှု၊ မျက်နှာကျက် ပြုပြင်ထားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မဟာမြတ်မုနိ ရုပ်ပွားတော်အား ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် သုံးထပ်ဗိမ္မာန်ဆောင်၌ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူးမြို့နယ်၊ ကိုင်းမကြီး ကျေးရွာအနီးရှိ မန်းချောင်းသဲပြင်ပေါ်တွင် ကလေးကစားကွင်း ပြုလုပ်မည့် နေရာအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ၊ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဉီးဌေးဝင်း နှင့် ဂေါပကအဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)