Skip to main content

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) အစည်းအဝေး ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ပုံမှန်အစည်းအဝေးကို ယနေ့ နံနက်  ၁၀  နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် အခြားသောယှဉ်ပြိုင် မှုအာဏာပိုင်အဖွဲ့အစည်းများသည် အကောင်းဆုံးသော နည်းလမ်းများကိုရှာဖွေအသုံးချပြီး လုပ်ငန်း များလည်ပတ်နိုင်ရေးကြိုးပမ်းနေကြပါကြောင်း၊    ထိုသို့ ကြိုးပမ်းကြရာတွင် ကိုဗစ်-၁၉ ကာလအတွင်း တုံပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြသကဲ့သို့ ကိုဗစ်-၁၉ ကာလအလွန် ထူထောင်ရေးလုပ်ငန်း များအတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိရာ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါလာပါကြောင်း၊ ကုန်စည်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများအပေါ် ထိခိုက်မှုရှိလာချိန်တွင် ကုန်ပစ္စည်းများ အထူးသဖြင့် ကျန်းမာရေးသုံးဆေးဝါးပစ္စည်းများနှင့် အခြေခံကုန်ပစ္စည်း များတွင် ဈေးကစားမှုပြုခြင်းများကို ယှဉ်ပြိုင်မှုဥပဒေအရ တားဆီးအရေးယူရသည် များလည်းရှိလာပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အခြေအနေအရ နိုင်ငံတော် အစိုးရအနေဖြင့် ပံ့ပိုးမှုများဆောင်ရွက်နေပြီး ဖြေလျှော့မှုများကိုလည်း ကာလအကန့်အသတ် ဖြင့် ပြုလုပ်နေပါကြောင်း၊ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများကို ယှဉ်ပြိုင်မှုဥပဒေမှ အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ပေးနေရ သည်များ လည်းရှိပါကြောင်း၊ ဥပမာအနေဖြင့် ယခင်က စီးပွားရေးလုပ်ငန်းများ ပူးပေါင်းမှုတွင် ယှဉ်ပြိုင်မှုအာဏာ ပိုင်များအနေဖြင့် စိစစ်ကြပ်မတ်မှုများလုပ်သော်လည်း ကိုဗစ်ကာလ အတွင်း၌ ကျန်းမာရေးအထောက်အကူပြုကုန်ပစ္စည်း သို့မဟုတ် အရေးကြီးကုန်စည် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းမှုတွင်  ဖြေလျှော့ခွင့်ပြုပေးခြင်းများ ရှိပါကြောင်း။

မိမိတို့အနေဖြင့် ယခုကာလတွင်  ကော်မရှင်အတွက်လိုအပ်သည့် လုပ်ထုံးလုပ် နည်းများ၊ အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များကို ပြင်ဆင်ရေးဆွဲထားကြရန် တိုက်တွန်း လိုပါကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် အဖွဲ့အစည်းအားလုံး၊ စီးပွားရေးလုပ်ငန်းအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အမြဲ မပြတ် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ စိတ်ကောင်းစေတနာရှိခြင်းတို့နှင့် မိမိတို့ ကော်မရှင်၏ ပုံရိပ်ကို တဖြည်းဖြည်းတည် ဆောက်မြှင့်တင်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ (/၂၀၂၀) အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိ ထားသော တိုင်ကြားမှု များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ် များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)