နေပြည်တော် ဩဂုတ် ၂၁
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အရာရှိကြီးများ၊ မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရေး စာမူတည်းဖြတ်ရေးအဖွဲ့မှ မြန်မာ့သမိုင်းပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ လုပ်ငန်းအထောက်အကူပြုအဖွဲ့နှင့် ဌာနဆိုင်ရာ သုတေသနပညာရှင်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ် (မူကြမ်း) များကို ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် သမိုင်းကြောင်းအချက်အလက်များ မှားယွင်းမှုမရှိစေရေးနှင့် အယူအဆများလွဲချော်မှု မရှိစေရေးတို့အတွက် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်များပါဝင်သည့် စာမူတည်းဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါ ကြောင်း၊ အဆိုပါအဖွဲ့နှင့်ပူးပေါင်း၍ လိုအပ်သည့်အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများ၊ မြေပုံများရှာဖွေရေးသား ပြုစုထောက်ပံ့ခြင်းနှင့် ပုံနှိပ်ရန်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ) က ဦးဆောင်ကာ အထောက်အကူပြုအဖွဲ့ဖွဲ့စည်း၍ ရန်ကုန်ဌာနခွဲတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် ဘာသာရပ်နယ်ပယ် အသီးသီးကပညာရှင်များ၊ စာမူတည်းဖြတ်ရေးအဖွဲ့မှ မြန်မာ့သမိုင်းပညာရှင်များအဖွဲ့မှ ပညာရှင်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အထောက်အကူပြုအဖွဲ့နှင့် အထောက်အထားအချက်အလက်များ ရေးသားပြုစုရန် ယခင်သမိုင်းစဉ် ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးပေးခဲ့ကြသည့် စာတမ်းရှင်များ၊ ပြင်ပသုတေသီများကိုလည်း အသိအမှတ်ပြုပါကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်စာအုပ် ပုံနှိပ်ထုတ်ဝေနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲများမှ ပညာရှင်ကြီးများ၏ အကြံပြုလမ်းညွှန်ချက်များဖြင့် တည်းဖြတ်ပြင်ဆင်ရေးသားပြုစုထားသည့် “မြန်မာ့မြေလွှာဖြစ်တည်မှုနှင့် မြန်မာ့ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေတွေ့ရှိမှု”၊ “မြန်မာ့ကျောက်ခေတ်”၊ “မြန်မာ့ကြေးခေတ်၊ သံခေတ်” နှင့် “ပျူခေတ်ရှေးဦးမြို့ပြယဉ်ကျေးမှု” စသည့် သမိုင်းစဉ်စာအုပ် (မူကြမ်း)များကို တည်းဖြတ်ပြုစုထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ တည်းဖြတ်ပြုစုထားသည့် စာအုပ် (မူကြမ်း)များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ထပ်မံပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးတင်ပြရန်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာ့သမိုင်းပညာရှင်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာတိုးလှက ကျောက်လက်နက်များကို အမျိုးအစားလိုက် ရှင်းလင်းဖော်ပြရန်လိုအပ်မှုနှင့် နိုင်ငံတော်အကြီးအကဲ၏ သဝဏ်လွှာအား ထားရှိရမည့်နေရာတို့ကိုဆွေးနွေးပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက သမိုင်းစဉ်စာအုပ်ထုတ်ဝေရေးနှင့်ပတ်သက်ပြီး စာအုပ်အရွယ်အစားနှင့် မျက်နှာဖုံးပုံစံများ အတည်ပြုနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်လိုအပ်ချက်များကို ဩဂုတ်လကုန်အပြီး ပြင်ဆင်ပေးပို့နိုင်ရေးတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။
ယင်းနောက် မြန်မာ့သမိုင်းပညာရှင်များအဖွဲ့ ဒေါက်တာစိန်မြင့်က စာအုပ်(မူကြမ်း)များတွင် အင်္ဂလိပ်စာလုံးများအား ဘာသာပြန်ရာတွင် ဝေါဟာရမကွဲလွဲအောင် ဆောင်ရွက်ရေး၊ ရှေးဟောင်းသုတေသနပညာရှင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးညွန့်ဟန်က ပျူခေတ်သမိုင်းစဉ်နှင့်ပတ်သက်၍ ပျူခေတ်နှင့်အပြိုင် အခြားမြို့ပြများကို ဖော်ပြ ရာတွင် သာဂရမြို့ဟောင်းကို ထည့်သွင်းမဖော်ပြရေး၊ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာသိန်းလွင်က ကျောက်ခေတ်သမိုင်းစဉ်တွင် ဓာတ်ပုံနှင့်ဆွဲပုံများကို ယှဉ်တွဲဖော်ပြရေး၊ ကျောက်ခေတ်သစ်ဂူများကို ပုံနှင့်တည်နေရာကိုဖော်ပြရေး၊ ရှေးဟောင်းသုတေသနပညာရှင် ဦးစိန်ဝင်းက ပျူစာပေနှင့်ပတ်သက်၍ ခေတ်ကာလများ တစ်သမတ်တည်းဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရေး၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာကလျာ မြတ်မြတ်ထွေးက ကျမ်းကိုးစာရင်းထည့်သွင်းသည့် ပုံစံများတူညီရေးဆွေးနွေးကြကာ ပြည် ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်