နေပြည်တော် အောက်တိုဘာ ၂၂
ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်နေမှုအခြေအနေ အရပ်ရပ်ကို လေ့လာဆန်းစစ်သုံးသပ်ခြင်းတို့ကို အဓိကဆောင်ရွက်နေသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ် အလိုက်၊ ဘာသာရပ်အလိုက် ကော်မတီများဖွဲ့၍ သက်ဆိုင်ရာပါမောက္ခ/ ဌာနမှူးများ က မိမိ ဘာသာရပ် တိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိဦးစီးဌာနတွင် လိုအပ်သော စွမ်းဆောင်ရည်များ အပြည့်အဝ ရှိ/ မရှိ ပြန်လည်သုံးသပ်၍ လိုအပ်ပါက အခြားဦးစီးဌာနမှ ပညာရှင်များကိုခေါ်ယူ အသုံးပြုရမည် ဖြစ်ပါကြောင်း။
ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို ခေါ်ယူလေ့ကျင့် မွေးထုတ်ရာ၌ ယခင်မွေးထုတ်ပြီး ဦးရေ၊ လက်ရှိ ခွင့်ပြု၊ ခန့်ထားဦးရေ၊ လစ်လပ်ဝန်ထမ်းဦးရေ၊ ရောဂါအမျိုးမျိုး၏ လက်ရှိဖြစ်ပွားမှုအခြေအနေနှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်သည့် အခြေအနေ၊ ပြောင်းလဲနေသည့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေပေါ်မူတည်၍ အနာဂတ်ကာလအတွက် လိုအပ်ချက်များကို မျှော်မှန်းတွက်ချက်ရန်လိုအပ်ပါကြောင်း။
ထို့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရာထူးအခွင့်အလမ်း တိုးတက်ရေး ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှူး/ ပါမောက္ခများနှင့် ညှိနှိုင်းတိုင်ပင်၍ ရာထူးဖွဲ့စည်းပုံများ ပြုပြင်တိုးချဲ့ရေးကိုလည်း အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပုံစနစ်နှင့် အခြေအနေအဆင့်အတန်းကို လေ့လာဆန်းစစ်ပုံ နည်းလမ်းများကိုပြုစုပြီး စုစည်းထားရန် လိုပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် လတ်တလောကာလနှင့် ရေရှည်ကာလတွင် ဆောင်ရွက်သင့် သည်များကို ဆုံးဖြတ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ မွေးထုတ်လေ့ကျင့်ပေးလိုက်သူများသည် ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်း အဆင့်အတန်း မြင့်မားသည်သာမက ကျင့်ဝတ်နှင့်ညီသော၊ အကောင်းမြင်စိတ်ရှိသော၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော၊ ရှေ့ရေးမျှော်တွေးတတ်သော သူများဖြစ်ရန် လိုအပ်ပါကြောင်း။
သင်ကြားသင်ယူပုံစနစ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ သဘောထားအမြင် ရှုထောင့်များသည် အလွန်အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များတွင် သင်ကြားသင်ယူမှုစနစ်နှင့် ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်ရေးတို့အတွက် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေများ တိုးမြှင့်ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနရှိ မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို ပြောင်းလဲလာသော လိုအပ်ချက်၊ လုပ်ငန်းခွင်အခြေအနေစသည်ဖြင့် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့်အညီ ဆန်းစစ်သုံးသပ်ခြင်းနှင့် မွမ်းမံပြင် ဆင်ခြင်းများကို ပြုလုပ်နေရမည်ဖြစ်ပါကြောင်း၊ ယခင်က ပြုလုပ်ခဲ့သော ဆေးပညာသင် ကြားရေး ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များ၊ လုပ်ဆောင်ရမည့် အချက်များအား မည်မျှအကောင်အထည်ဖော် ဆောင်ရွက်ပြီးသည်ကိုလည်း ဆန်းစစ် သုံးသပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် (၄၀) ကျော်မှ စီမံချက် မန်နေဂျာများအနေဖြင့်လည်း မိမိတို့၏စီမံချက်အလိုက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို ဆန်းစစ်သုံးသပ်ကာ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် မေ့ဆေးပညာ၊ ဆေးပညာနှင့် အရေးပေါ်ကုသမှု ဆေးပညာအထူးကုဆရာဝန်များ၊ ဆေးရုံစီမံခန့်မှုပညာရှင်များ၊ ဓာတ်ခွဲနှင့် ဓာတ်မှန်ပညာရှင်များ၊ အထူးကြပ်မတ်သူနာပြုစုကုသမှု အထူးပြုများ ပိုမိုလိုအပ်နေသည်ကို တွေ့မြင်နိုင်ကြောင်း၊ အလားတူ လုပ်ငန်းခွင်လိုအပ်ချက်မြင့်မားသည့် အထူးကုနှင့် အထူးပြုဘာသာ ရပ်များအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပိုမိုမွေးထုတ်ပေးစေ လိုပါကြောင်း၊ ယနေ့ပြုလုပ်သော ဆွေးနွေးပွဲသည် ဝန်ကြီးဌာနနှင့် နိုင်ငံအတွက် အရေးကြီးသဖြင့် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဦးစီးဌာနအသီးသီးမှ ပညာရှင်များက ဘက်စုံအမြင်များဖြင့် ပွင့်လင်းစွာဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းက ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေမှု အခြေအနေများ ခြုံငုံသုံးသပ်မှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးညွှန့်က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) မှ စီမံကိန်း ကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေသွယ်လှရွေက ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) မှ အရည်အသွေးပိုင်းဆိုင်ရာကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ရွှေက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) မှ စီမံအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက် လျက်ရှိမှုကိုလည်းကောင်း၊ Jhpiego အဖွဲ့မှ Technical Director ဒေါက်တာ ခိုင်ဟေမာမြင့်က ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် Jhpiego အဖွဲ့မှ မိတ်ဖက်ပူးပေါင်းဆောင်ရွက်နေမှုများကို လည်းကောင်း တင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)