ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီခွဲက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄၆/၂၀၂၀) ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က လာမည့် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (COVID-19) ရောဂါကူးစက်ပြန့်ပွှားမှု မရှိစေရေးအတွက် အထူး အလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသ ကြီး (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင် တို့က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်/ ထိန်းချုပ်/ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိပ် တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများရှိ အရာထမ်း/ အမှုထမ်းများမှ တိုင်းဒေသကြီးအတွင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ကျန်းမာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူရန်အတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း (၂၀)အား တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)