မန္တလေး၊ အောက်တိုဘာ ၂၁
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်နွယ်သူများ များပြားလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် မန္တလေးမြို့၊ ၆၅ × ၆၆လမ်းကြား၊ ၃၂ × ၃၃ လမ်း ကြားရှိ မန္တလေးပညာရေးကောလိပ်ရှိ ညအိပ်အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၀ ရက် က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
“ယခု ဆောင်ရွက်မယ့်စင်တာဟာ အတည်ပြုလူနာများနဲ့ ထိတွေ့ဆက်စပ်မိသူတွေကိုထားရှိသွားဖို့ အတွက်ပါ၊ မန္တလေးခရိုင်အတွင်းမှာလည်း မြို့နယ်အလိုက် ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်နွှယ်သူတွေ များပြားလာတဲ့အတွက်ကြောင့်လည်း လိုအပ်ချက်အရ နေရာတွေရှာဖွေပြီး Quarantine Centre တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းနှင့်အညီ တိုးချဲ့ပြင်ဆင်မူလုပ်ငန်းတွေကို စီမံဆောင်ရွက်ကြတာပါ။ ဒီစင်တာ အဆောင်အတွင်းမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်သူ ဦးရေ ၁၆၀ ဦးခန့် ထားရှိနိုင်မယ့်နေရာ အခြေအနေ၊ အခန်းဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံးပစ္စည်းကိရိယာတွေ နေရာထိုင်ခင်း အစား အသောက်၊ လေဝင်လေထွက်နဲ့ အဝင်အထွက်လမ်းတွေ စနစ်တကျရှိဖို့၊ သန့်စင်ခန်းနဲ့ ရေရရှိနိုင်မူအခြေအနေတွေကို မန္တလေး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့အတူ ပေါင်းစပ်ညှိနိူင်းခဲ့ပါတယ်။”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ယခုပြင်ဆင်လျက်ရှိသော Quarantine Centre အပြင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအဆင့်မြင့်အားကစားကွင်းအတွင်းရှိ Multipurpose Stadium (Mandalay) Quarantine Center၊ ဧရာဝတီဖောင်ဒေးရှင်းမှ ကမ္မကထပြု၍ ပံ့ပိုးဆောင်ရွက်ပေးသည့် Football Academy Mandalay ရှိ COVID-19 Quarantine Center ၊ ဇီဝိတဒါနသံဃာ့ဆေးရုံ (မန္တလေး ကန်တော်ကြီး) Quarantine Center၊ မန္တလာတက္ကသိုလ် Quarantine Center၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) Quarantine Center တို့ကိုပါ ထားရှိဆောင်ရွက်လျက်ရှိကာ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး အနေဖြင့် Quarantine Center ပေါင်း(၃၀၀)ကျော် ဖြင့်ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင်လည်း မန္တလေးမြို့တွင် ကန်တော်နဒီဆေးရုံ၊ခုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံ၊ခုတင် ၁၀၀ ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ(မန္တလေး) တို့အပြင် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ ဆေးရုံအသီးသီးတို့တွင်လည်း ကုသပေးလျက်ရှိကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ ပို့တွေ့ရှိသူ(၁၁၅၁)ဦးရှိပြီး ရောဂါပျောက်ကင်းသူ(၆၃၃)ဦးရှိကာ သေဆုံးသူ(၂)ဦးရှိပြီး ပိုးတွေ့ကုသဆဲလူနာ(၅၁၆) ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီအထိ ထုတ်ပြန်ချက် စာရင်း များအရသိရသည်။ထို့ပြင် Hotel Quarantine ဆောင်ရွက်ထားသူ(၃၁၅)ဦးနှင့် Facility Quarantine ဆောင်ရွက်ထားသူ(၂၅၄၉)ဦး ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)