Skip to main content

“ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား" သို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

ပဲခူး အောက်တိုဘာ ၂၁

နေပြည်တော်၊ MICC(2) ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည့် “ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား" သို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Human Papillomavirus (HPV)ကြောင့် ဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကြိုတင်ကာကွယ် ဆေးထိုးခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံပေးရခြင်း၏ အကြောင်းအရင်းကိုလည်းကောင်း ပြောကြားခဲ့ပြီးနောက် ပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်သည်။ (၂၀၁၈)ခုနျစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့သည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်များဆုံး ကင်ဆာဖြစ်၍ မြန်မာနိုင်ငံတွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ထိုးနှံပေးရန် စတင်သည့် အခမ်းအနားဖြစ်ကြောင်း သိရှိရသည်။

ဟိန်းထက်(ပဲခူး)