Skip to main content

ဧရာဝတီစင်တာ၏ ခုတင် ၅၀ တိုးချဲ့ဆောင်သစ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ဧရာဝတီစင်တာ ခုတင် ၁၀၀၀ တွင် အသစ်ဆောက် လုပ်ပြီးစီးသော ခုတင် ၅၀ ဆံ့ ICU/HDU တိုးချဲ့ဆောင်သို့ ယနေ့နံနက် ပိုင်းက လာရောက်ကြည့်ရှုအားပေး သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုးချဲ့ဆောင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူ များက တိုးချဲ့ဆောင်အတွင်း ပြင်ဆင် ဆောင်ရွက်ထားမှုများကို ရှင်းလင်း ပြသသည်။ ယင်းနောက် ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းဒေသကြီး၏ လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းက ထုတ်လုပ် သော နှာခေါင်းစည်းများကို ပေးအပ် လှူဒါန်းရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံ ရယူသည်။

ဧရာဝတီစင်တာအနေဖြင့် ၇၅ ခုတင်ဆံ့ ICU/HDU စင်တာကို အောက်တိုဘာ ၉ ရက်မှစတင်၍ အရေးပေါ်ကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ICU/HDU လူနာ ၁၂၅ ဦးအထိ တိုးမြှင့် လက်ခံကုသပေးနိုင်မည်ဖြစ်သည်။ ICU/HDU စင်တာတွင် ပါမောက္ခ ဒေါက်တာမြစိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း ၂၅၀ ကျော်က လူနာများကို အနီးကပ် ကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး