မကွေး အောက်တိုဘာ ၂၁
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ(HPV)ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ် ကျင်းပရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းဝေးခန်းမမှ တစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက တာဝန်ရှိသူများ Online က တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် HPV သားအိမ်ခေါင်းကာကွယ်ဆေးကို ထိုးနှံံ့ပေးခြင်းအားဖြင့် အိတ်ချ်ပီဗီ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်ပွားနိုင်တဲ့ သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွား၊ သေဆုံးမှုများကို ထိရောက်စွာ လျော့ချနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ တစ်သိန်းမှာ(၂၁)ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွား နေပြီး(၁၃)ဦး ခန့်သေဆုံးတဲ့အတွက် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ သားအိမ်ခေါင်းကင်ဆာ ဒုတိယအများဆုံး ဖြစ်ပွားတဲ့နိုင်ငံဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်မှာ (၁၃) ခုမြောက် ကာကွယ်ဆေးအဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလက စတင်ထိုးနှံံ့ပေး သွားမှာ ဖြစ်ကြောင်း၊ လက်ရှိမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုများရှိသည့်အတွက် Stay at home မြို့နယ် များမှာ ကာကွယ်ဆေးထိုးဖို့ လောလောဆယ်မပါသေးပေမယ့် Stay at home ကာလပြီးတဲ့ နောက်မှာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။
ဆက်လက်ပြီး (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ပညာပေး ဗွီဒီယိုပြသပြီး၊ မိန်းကလေး ငယ်များကို (HPV) ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးကာ ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့သည် မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးဝန်းအတွင်း ဆောင်ရွက်နေသည့် မိန်းကလေးငယ်များအား (HPV) ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အိတ်ချ်ပီဗီအတွက် နိုင်ငံတော်အစိုးရမှ ၂၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Gavi, the vaccine alliance အဖွဲ့က ၈၀ ရာခိုင်နှုန်း အကုန်အကျခံ ဝယ်ယူတာဖြစ်ပြီး အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသမီးဦးရေ လေးသိန်းခွဲကျော် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)