Skip to main content

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသော သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၂၀) ထွက်ပြီ

နေပြည်တော်၊ အောက်တိုဘာ ၂၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ ၂၀၂၀” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင်စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက် အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ် ၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သောစာအုပ် ဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်သည် ယခင်နှစ်များက ထုတ်ဝေခဲ့သော စာအုပ်များထက် ဖတ်ရှုသူစာဖတ်ပရိသတ်များ ပိုမိုအဆင်ပြေစွာ ဖတ်ရှုနိုင်ရန် ပိုမိုကြီးမားသော စာအုပ်အရွယ်အစားနှင့် ပိုမိုပြည့်စုံသည့် အချက်အလက်များဖြင့် ကဏ္ဍစုံလင်စွာပြုစုပြီး စာမျက်နှာ ၇၂၀ ဖြင့် ဖော်ပြထားသည်။

ဤစာအုပ်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာကောက် နုတ်ချက်များ၊ မြန်မာ့ရေးရာနှင့် ပတ်သက်သည့်အချက်အလက်များ၊ နိုင်ငံတကာရေးရာသိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာသိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် အခြားသိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ထားသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများလည်းပါရှိသည့်အတွက် ဗဟုသုတရှာမှီးလိုသူများ၊ ရာထူးဝင် စာမေးပွဲဖြေဆိုမည့် လူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်း ဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် အထောက်အကူပြုမည့်စာအုပ်ဖြစ် သဖြင့် အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၌ ထုတ်ဝေပြီးတစ်အုပ်လျှင် ငွေကျပ် ၃၈၀၀ နှုန်းဖြင့် နေပြည်တော်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန်အရောင်းဆိုင်တို့တွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ်(၂၂၈) သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၁-၈၂၀၁၉၃၆၊ ၀၁-၈၃၇၁၃၄၂၊ စာပေဗိမာန် အရောင်းဆိုင်များ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်၊ ဓူဝံစာပေတိုက်နှင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်သည်။

သတင်းစဉ်