Skip to main content

ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၌ ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၄/၂၀၂၀) အစည်းအဝေး ကျင်းပ

လွိုင်ကော် အောက်တိုဘာ ၁၆

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘောစ်ကို က “ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခဲ့ရာတွင် ယခုဆိုလျှင် (၃)နှစ်ကျော် ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ၊ ကယားပြည်နယ်အတွင်း ယခုကာလအထိ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ၂၀၁၈ ခုနှစ်တွင် (၁၁)ခု ၊ ၂၀၁၉ခုနှစ်တွင် (၅)ခု နှင့် ၂၀၂၀ ပြည့်နှစ်တွင် (၃)ခု အသီးသီး ထုတ်ပေးနိုင်ခဲ့ကြောင်း ၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ဟိုတယ်နှင့်ခရီးသွား ဆက်စပ်လုပ်ငန်းများက အများစုဖြစ်နေသည်ကို တွေ့ရှိရကြောင်း ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍသည် ပြည်နယ်၏ နိုင်ငံရေးနှင့် စီးပွားရေး ဖွင့်လှစ်မှုတွင် ကြီးမားသည့် တံခါးပေါက်အဖြစ်ရှိနေကြောင်း ၊ ထိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲမှ လုပ်ငန်း (၃)ခုဟာဆိုလျှင် စီးပွားဖြစ် စတင်နေပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့် (၇) နှစ် စတင်ခံစားနေပြီဖြစ်ကြောင်း ၊ ယခုအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုကို အတည်ပြု မိန့်ထုတ်ပေးနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ပြီး ယခင်အစည်းအဝေးက ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ၊ အတည်ပြုမိန့် ထုတ်ပေးထားသည့် လုပ်ငန်းများ၏ လက်ရှိ အခြေအနေများကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ၊ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် တက်တက်ကြွကြွပါဝင် ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း” အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၀) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကော်မတီအတွင်းရေးမှူးမှ ဆွေနွေးတင်ပြပြီး ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်းလင်းကုမ္ပဏီလီမိတက်မှ ကော်ဖီနှင့်အခြားသော နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်း လုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နိုက်စ်ကယား ကုမ္ပဏီလီမိတက်မှ ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရန်အတွက် ကော်မတီ အတွင်းရေးမှူးမှ တင်ပြရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အတည်ပြုမိန့်ကို ဝင်းလင်းကုမ္ပဏီလီမိတက်နှင့် နိုက်စ်ကယား ကုမ္ပဏီလီမိတက်တို့ထံ လက်ဝယ် အရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမော်မော် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးအံ့မော် ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန နှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)