Skip to main content

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Web Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) မှ ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan နှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဦးစီးဌာန များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး စီမံကြီးကြပ်မှုအဖွဲ့ဝင်များ က သက်ဆိုင်ရာ ဒေသများမှ Zoom Application ဖြင့်တက် ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က မိမိတို့ FAO အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် များအတွင်း လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကို ထင်ထင်ရှားရှား ဆောင်ရွက် နိုင်ခဲ့ကြပါကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် ငတ်မွတ်ခေါင်းပါးမှု၊ အဝလွန်မှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှု၊ စားနပ်ရိက္ခာ လေလွင့်ဆုံးရှုံးမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကွင်းဆက်အတွင်းမှ လုပ်သားများ၏ ဘဝလုံခြုံရေး အားနည်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစားအစာ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်မှု၊ အစားအစာ စနစ် (Food System) အပေါ် ဆိုးကျိုး သက်ရောက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပါကြောင်း။

စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်သော်လည်း ကမ္ဘာ့လူဦးရေ (၂)ဘီလီယံခန့်သည် အာဟာရပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသည့် အစားအစာများကို လုံလောက်စွာ မရရှိကြ ကြောင်း၊ နိုင်ငံ(၅၅)ခုက ကမ္ဘာ့ပြည်သူ (၁၃၅)သန်းမှာ ပြင်းထန်သည့် ငတ်မွတ်မှုကို ခံစားနေရ ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငတ်မွတ်ခေါင်းပါးသူ အရေအတွက်(၂)ဆ တိုးလာနိုင် ကြောင်း၊ စားနပ်ရိက္ခာ၊အာဟာရနှင့် အသက်မွေးမှု အထောက်အပံ့များ အရေးပေါ် လိုအပ် လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့ကြီးက ထုတ်ပြန်ထားပါကြောင်း။

တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေမှာ (၂၀၅၀) ပြည့်နှစ်တွင် (၁၀)ဘီလီယံသို့ ရောက်ရှိ မည်ဟု မျှော်မှန်းထားကြောင်း၊ ယင်းအခြေအနေအရ စားနပ်ရိက္ခာ လိုအပ်ချက် သိသိသာသာ တိုးမြင့်လာမည်ဖြစ်ကြောင်း၊ လက်ရှိ အစားအစာစနစ်ကို ပြောင်းလဲနိုင်မှု မရှိခဲ့လျှင် အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာ လုံလောက်စွာ မရရှိမှုနှင့် အာဟာရမပြည့်ဝမှုများကို ၂၀၅၀ ပြည့်နှစ် တွင် ကြီးကြီးမားမား ရင်ဆိုင်ရမည်ဟု ဖော်ပြထားပါကြောင်း။

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတို့ကို ကမ္ဘာ့နိုင်ငံ အသီးသီး က ဆယ်စုနှစ်ကျော် တွေ့ကြုံဖြတ်သန်း ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊ ဇီဝမျိုးစုံ မျိုးကွဲများ ဆုတ်ယုတ်လာမှု တို့ကြောင့် စားသုံးသီးနှံ၊ သားငါး များ၌ ရောဂါဘယ မျိုးစုံ ကျရောက်ပြီး ယင်းတို့ကို ဓာတုဆေးဝါးများ သုံးစွဲနှိမ်နှင်းမှုကြောင့် စားနပ်ရိက္ခာ၏ ဘေးကင်းမှု၊ အာဟာရပြည့်ဝမှုတို့အပေါ် ကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနေကြရပါကြောင်း။

နှစ်စဉ် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီး၊ မိုးခေါင်၊ မြေပြို၊ ပိုးမွှား ကျရောက် မှုများကို ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေမှ ယခုနှစ်၌ ကမ္ဘာ့လူသားများ၏ အသက်ကိုပါ ခြိမ်းခြောက် အန္တရာယ်ပြုလာသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကိုလည်း နိုင်ငံတိုင်း ရင်ဆိုင် တွန်းလှန်နေကြရသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ အကြပ်အတည်းများစွာ ရင်ဆိုင်နေကြရသည့် ကာလ၌ မိမိတို့၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ငတ်မွတ်မှုနှင့် အာဟာရ မပြည့်ဝမှု ကင်းစင်ရေး ပန်းတိုင်မှ သွေဖည် မသွားစေရန် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ တိုးပွားလာမည့် ကမ္ဘာ့လူဦးရေ အတွက်၊ ကမ္ဘာမြေကြီး ရေရှည်တည်တံ့ သာယာဝပြောရန် အတွက် မိမိတို့အပါအဝင် ကမ္ဘာသူကမ္ဘာ သားများအားလုံး အတူတကွလက်တွဲပြီး အာဟာရပြည့်ဝသည့် သီးနှံအမယ်စုံ စိုက်ပျိုး ထုတ်လုပ်ရေး ကြိုးပမ်းကြခြင်း အားဖြင့် တည်တံ့ခိုင်မာသော အစားအစာစနစ်ကို ထူထောင် ကြရန် ဖြစ်ပါကြောင်း။

ထို့ကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့ ဆောင်ပုဒ်ကို “အာဟာရတိုး၊ လူ့အကျိုးကို၊ ဖွံ့ဖြိုးစေရန်၊ တို့ရည်သန်၍၊ ဧကန် ဖွင့်လှစ်၊ ကမ္ဘာသစ်” (Grow, nourish, sustain. Together. Our actions are our future.)”ဟု သတ်မှတ် ထုတ်ပြန်ထားပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံ နိုင်ငံဖြစ်သည့်အားလျော်စွာ ပြည်သူ များ၏ နေ့စဉ်စားရေးအတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားနပ် ရိက္ခာများ ထုတ်လုပ်နိုင်ရန် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူ ဟာ၊ နှစ်တိုနှစ်ရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည် စိုက်ပျိုးထုတ်လုပ်ရန် ရည်ရွယ် လျက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Agricultural Practice-GAP) နှင့် Organic နည်းစနစ်များ ထွန်းကားလာစေရေး ဆောင်ရွက်လျက် ရှိရာတွင် GAP Guidelines ကို အာဆီယံ GAP နှင့်အညီ ထုတ်ပြန်နိုင်ခဲ့ပြီး သီးနှံအမယ်အသစ်များ တိုးတက်သတ်မှတ် နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

အလားတူ တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများတွင်လည်း ကောင်းမွန် သော မွေးမြူရေး ကျင့်စဉ် (Good Animal Husbandry Practice- GAHP)နှင့် ကောင်းမွန် သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practice- GAqP)များနှင့် အညီ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း မြန်မာနိုင်ငံတွင် စတင်ပြန့်နှံ့ခဲ့သည့် ကိုဗစ်-၁၉ ဗိုင်းရပ် ကြောင့် အသွား အလာ ကန့်သတ်မှု၊ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှု၏ အကျိုးဆက်အဖြစ် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအပါအဝင် ကဏ္ဍအသီးသီးက ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ ရပ်တံ့မသွားစေရန် နိုင်ငံတော်က စီမံခန့်ခွဲ ဆောင်ရွက်ပေး လျက် ရှိပါကြောင်း။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း စိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများ၊ လယ်ယာလုပ်သားများအတွင်း ရောဂါမပြန့်ပွားရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အသိပညာပေးခြင်း၊ သီးနှံ၊ သားငါး ထုတ်လုပ်မှုကို မထိခိုက်စေရေး အတွက် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan- CERP) လုပ်ငန်းစဉ်များတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် ဧက(၁)သိန်းအတွက် သွင်းအားစု များ ရရှိရေး တောင်သူများအား ထောက်ပံ့ကူညီခြင်း၊ ကျေးလက်နေ မိသားစုများအတွက် ကျေးရွာ (၁၇၁၀)တွင် Village Revolving Fund Project ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ဆောင်ရွက် ပေးခြင်း၊ Cash for Work စီမံကိန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစား၊ အလတ်စား မွေးမြူရေး လုပ်ငန်းရှင်များ အား မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ရရှိရေး ထောက်ပံ့ ငွေ/ချေးငွေ ပံ့ပိုးကူညီခြင်း၊ ရေချိုငါးလုပ်ကိုင်သူများ အတွက် ငါးသားပေါက်များ ဖြန့်ဖြူးပေးခြင်း၊ မွေးမြူ ထုတ်လုပ်သူ (၁၀၀၀၀) အား သင်တန်းများ ပို့ချပေးခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး(၇)ခုရှိ မိုးစပါးဧက (၂၀၀၀)တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု ဝန်ဆောင်မှု ပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျရောင်းချပေးရန် စီမံ ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ဝင် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ပို့ချခြင်းလုပ်ငန်းများကို ဘဏ္ဍာ ငွေကျပ် (၉၂ ဒသမ ၆၁)ဘီလီယံ ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း။

အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး သုံးရပ်ဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ (FAO)အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနား၏ ဆောင်ပုဒ်အတိုင်း အာဟာရ ပြည့်ဝသော သီးနှံမျိုးစုံ မျိုးကွဲများ စိုက်ပျိုးထုတ်လုပ်၍ ကမ္ဘာကြီး ရေရှည်တည်တံ့ပြီး သာယာဝပြော စည်ပင်လာစေရန် လက်တွဲကြိုးပမ်းကြပါစို့ဟု တိုက်တွန်း ဆန္ဒပြုလိုက် ရပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)ရုံးက ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဗီဒီယိုကိုပြသသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက်(AAPDRR)စာအုပ် အား တရားဝင် မိတ်ဆက်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ် စားလှယ် Ms. Xiaojie Fan က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး FAO-Emergency and Rehabilitation Coordinator ဖြစ်သူ Mr. Reda Lebtahi က လုပ်ငန်းစီမံ ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (AAPDRR) စာအုပ်အား တရားဝင် မိတ် ဆက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)