Skip to main content

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ Video Conferencing System ဖြင့် ပြုလုပ်သည့် (zoom Meeting) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀)ကို အောက်တိုဘာ (၁၄)ရက် နံနက်(၁၀)နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ‘ရှမ်းပြည်နယ်၌ ယခုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသောမြေယာကိစ္စ တိုင်ကြားစာပေါင်း (၆၉၃) မှုရှိပြီး (၄၇၄)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် စိစစ်ဆဲအမှု (၂၁၉)မှု ကျန်ရှိကာ ပြီးစီးမှု ရာခိုင်နှုန်းမှာ (၆၈.၄၀%)ဖြစ်ပါကြောင်း၊ ပြည်နယ်သို့ တိုက်ရိုက်တိုင်ကြားစာပေါင်း (၆၃၄)မှုရှိပြီး (၄၁၆)မှုကို ပိတ်သိမ်း ဆောင်ရွက်နိုင်ခဲ့ရာ၊ ပြီးစီးမှုရာခိုင်နှုန်းမှာ (၆၆%)ဖြစ်ပါကြောင်းနှင့် စိစစ်ရန်ကျန်ရှိသည့် ဗဟိုအမှု (၂၁၉)မှု၊ ပြည်နယ်အမှု (၂၁၈)မှု၊ စုစုပေါင်း (၄၃၇)မှု အားလုံးကို ၂၀၂၀ ပြည့်နှစ်တွင် (၉၀%)ကျော် ပြီးပြတ်ရေးဗဟိုကော်မတီမှ နှိုးဆော်လျက်ရှိပြီး ခရိုင်မြေ/စစ် ကော်မတီများအနေဖြင့် သတ်မှတ်ကာလ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင်အလေးထားစိစစ်ဖြေရှင်း ဆောင်ရွက်ရန်နှင့် ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာ  ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း (၁၆၆)မှု၊ မြေဧရိယာ စုစုပေါင်း (၄၂၀၄၅.၁၃၀)ဧက ရှိပြီး၊ မြေဧရိယာ (၄၀၅၈၈.၃၈၅) ဧကကို သက်ဆိုင်ရာ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ကျန်မြေဧရိယာမှာ (၁၄၅၆.၇၄၅)ဧက ဖြစ်ပြီး၊ ကျန်မြေများကို သက်ဆိုင်ရာသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေနှင့်် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆန်းဝင်းမှ အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ခရိုင်မြေ/စစ်ကော်မတီ ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးများက ဆွေးနွေး တင်ပြကြကာ အထွေထွေဆွေးနွေးကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)