Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၂ )  မိမိမဲဆန္ဒနယ်သို့ ပြန်လည်၍ မဲပေးခြင်းမပြုနိုင်သည့် ပြင်ပရောက်မဲဆန္ဒရှင်များ

၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၂၃ ရက်သာ လိုပါတော့သည်။  ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများအရ သက်ဆိုင်ရာက ထုတ်ပြန် သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင်ကြရသဖြင့် မိမိ၏ မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေး နိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ ရှိနေကြသည်။ ထိုမဲဆန္ဒရှင်များအတွက် ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မည်သို့စီမံဆောင် ရွက်ထားပါသနည်း။  အနှစ်ချုပ်မျှဝေပါရစေ။

ဥပဒေပြဋ္ဌာန်းချက်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၄ တွင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သလို ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။  ယင်းပြဋ္ဌာန်းချက်နှင့်အညီ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ တရားမျှတမှုရှိစေရေးကို ရှေးရှုလျက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင်ကြရသဖြင့် မိမိ၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အထူးကိစ္စတစ်ရပ်အနေဖြင့် မဲဆန္ဒရှင်များ ရောက်ရှိရာဒေသတွင် ပုံစံ (၁၅) လျှောက်ထားသည့် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ၈-၁၀-၂၀၂၀   ရက်နေ့တွင်  မဲဆန္ဒရှင်များသို့ အသိပေးထုတ်ပြန်ခဲ့သည်။

မဲဆန္ဒရှင်များက ပုံစံ (၁၅) လျှောက်ထားခြင်း

ပုံစံ (၁၅) ဖြင့်   လျှောက်ထားလိုသူသည်  ကိုဗစ်- ၁၉ ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့်  မဲဆန္ဒနယ်ပြင်ပရောက်   မဲဆန္ဒရှင်ဖြစ်ရန် လိုအပ်ပါသည်။

မဲဆန္ဒရှင်များ လိုက်နာရန်အချက်များ

မိမိယခုရောက်ရှိနေသည့်ဒေသရှိ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲသို့   ဆက်သွယ်ပါ၊  မိမိအတွက် ပုံစံ (၁၅) ဖြင့် လျှောက်ထားလိုကြောင်း သက်ဆိုင်ရာတာဝန်ရှိ သူထံသို့ တင်ပြပါ၊ (ပုံစံ (၁၅)ဖြင့် လျှောက်မည်ဆိုပါက မိမိအနေဖြင့် ပုံစံ (၃-က) ဖြင့်  ယခင်ကလျှောက်လွှာတင်၍ လျှောက်ထားခဲ့ခြင်း မရှိကြောင်းကို   အဆိုပါ   မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို ပြောပြပါ၊ ပုံစံ   (၃-က) ဖြင့်   လျှောက်ထားပြီးပါက ပုံစံ (၁၅) ဖြင့် ထပ်မံလျှောက်ထားခွင့် မရှိပါ)။

အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူထံတွင် ပုံစံ (၁၅) တောင်းယူပါ၊ (သို့မဟုတ်) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  Website ဖြစ်သော www.uec.gov.mm သို့ ဝင်ရောက်၍ ပုံစံ(၁၅) ကို Download ရယူပါ။

ပုံစံ (၁၅) တွင်  လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပါ၊ (အချက်အလက် မပြည့်စုံသဖြင့် စိစစ်၍မရလျှင်  မဲလက်မှတ်ထုတ်ပေးရန် အခက်အခဲရှိနိုင်သည့်အတွက် ဂရုပြုဆောင်ရွက်ရန် လိုပါသည်)၊ ဖြည့်စွက်ပြီးသော ပုံစံ (၁၅) ကို မိမိဆက်သွယ်ရယူထားသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူထံသို့ ပြန်လည်ပေးအပ်ပါ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မိမိထံသို့ ပြန်လည်ဆက်သွယ်နိုင်ရန် လိပ်စာ၊ ဖုန်းနံပါတ်ပေးခဲ့ပါ။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ခြင်း

မဲဆန္ဒရှင်ရောက်ရှိနေသည့်ဒေသမှ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မဲဆန္ဒရှင်က လျှောက်ထားသည့် ပုံစံ (၁၅) ကို လက်ခံပြီးပါက မဲဆန္ဒရှင်၏အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာဒေသ) ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့  ဆောလျင်စွာ ရောက်ရှိစေရန် Fax, Email အစရှိသည်တို့ကို အသုံးပြု၍ ယင်းပုံစံ (၁၅) ကို ဆက်လက်ပေးပို့ပါ။

မဲဆန္ဒရှင်က လျှောက်ထားသည့် ပုံစံ (၁၅) ပါ အချက်အလက်များအရ မဲဆန္ဒရှင်၏ အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာဒေသ)ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ (၁၅) ပေးပို့လျှင် ကြာမည့်အချိန်၊  ကြိုတင် ဆန္ဒမဲလက်မှတ်များ ရောက်ရှိလာနိုင်သည့်အချိန်၊ ဆန္ဒပြု ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ပြန်လည်ပေးပို့ရာတွင် ကြာမည့်အချိန်တို့ကိုသက်ဆိုင်ရာမဲဆန္ဒရှင်သို့ ကြိုတင် အသိပေးရှင်းပြပါ၊  (ဆက်သွယ်ဆောင်ရွက်ရေး လွယ်ကူ ချောမွေ့စေရန် မဲဆန္ဒရှင်၏ တယ်လီဖုန်းနံပါတ်ရယူထား ရန် ) ပုံစံ (၃-က) ဖြင့် လျှောက်ထားပြီးပါက ပုံစံ (၁၅) ဖြင့် လျှောက်ထားခြင်းကို လက်မခံရပါ။

မဲဆန္ဒရှင်၏အမြဲတမ်းနေရပ် (မူလမဲစာရင်း ပါရှိရာဒေသ)  ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် လုပ်ငန်းပိုမိုမြန်ဆန်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကို မိမိရုံးသို့ ခေါ်ယူ၍ ပုံစံ (၁၅)တွင် ပါရှိသောအမည်နှင့် မဲဆန္ဒရှင်စာရင်းတို့ကို  တိုက်ဆိုင်စစ်ဆေးစေပြီး မှန်ကန် ပါက ၎င်းမဲဆန္ဒရှင်၏အမည်ကို  မဲစာရင်းပုံစံ  (၁) တွင် မင်နီသား၍     ကြိုတင်ဆန္ဒမဲပေးမည့်သူဖြစ်ကြောင်း မှတ်သားထားစေပါ။

မဲစာရင်းတွင် မင်နီဖြင့် မျဉ်းသား၍ မှတ်သားပြီးပါက ပုံစံ (၁၅) ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ပုံစံ (၁-၁) တွင် ဖြည့်စွက်၍ မှတ်တမ်းတင်ပါ၊ ပုံစံ (၁-၁) မိတ္တူနှစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထားရှိ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတွင် မူရင်းတစ်စောင် လက်ခံထားရှိစေပြီး မိတ္တူ တစ်စောင်ကို ကပ်ထားစေရေးဆောင်ရွက်ပါ။

၎င်းမဲဆန္ဒရှင်၏အမည်ကို မဲစာရင်းတွင် မင်နီဖြင့် မျဉ်းသား၍ မှတ်သားခြင်းနှင့် ပုံစံ (၁-၁) တွင် ဖြည့်စွက်၍ မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်ပြီးပါက မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း) ကြိုတင်ဆန္ဒမဲ လက်မှတ်ပေးပို့ရန် ဆောင်ရွက် ပါ၊ ပေးပို့မည့်ကြိုတင်ဆန္ဒမဲလက်မှတ်၏ နောက်ကျောဘက်တွင် မဲလက်မှတ်ထုတ်ပေးသူက အမည်ဖော်ပြ၍ လက်မှတ်ရေးထိုးပြီး သက်ဆိုင်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတံဆိပ်ရိုက်နှိပ်ပါ၊ အထက်ပါအချက်များဆောင်ရွက်ပြီးပါက ကြိုတင်ဆန္ဒမဲလက်မှတ်ကို သက် ဆိုင်ရာ ကြိုတင်ဆန္ဒမဲစာအိတ်များအတွင်းသို့ သတ်မှတ်ထားသည့်အတိုင်း ထည့်သွင်း၍ ပုံစံ (၁၅) ပေးပို့ လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ လိပ်မူ၍ပေးပို့ပါ။

မဲဆန္ဒရှင်ရောက်ရှိနေသည့်ဒေသမှ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များ လက်ခံရရှိသည့်အခါ ကြိုတင်ဆန္ဒမဲပေးရန်နေရာများစီစဉ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ပါ၊ သက်ဆိုင်သည့် မဲဆန္ဒရှင်သို့ ဆက်သွယ်အကြောင်းကြားပါ။

မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးခြင်း

မဲဆန္ဒရှင်သည် ပုံစံ (၁၅) ဖြင့် လျှောက်ထားပြီးပါက ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်နှင့် နေရာတို့ကို သိရှိနိုင်ရန်အတွက်  မိမိ၏  ပုံစံ  (၁၅)  ပေးပို့တင်ပြထားသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်မေး မြန်းပါ၊ ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်နှင့်နေရာတို့ကို သိရှိလျှင် ကြိုတင်ဆန္ဒမဲပေးရမည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သွားရောက်၍  လျှို့ဝှက်ဆန္ဒပြုပါ၊ ဆန္ဒပြုပြီးသည့် ဆန္ဒမဲလက်မှတ်ကို သက်ဆိုင်ရာ ကြိုတင် ဆန္ဒမဲစာအိတ်အတွင်းသို့ ထည့်သွင်းပိတ်ပြီး ယင်းကြိုတင်ဆန္ဒမဲစာအိတ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ပါ။ လျှို့ဝှက်ဆန္ဒမဲပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်  အနည်းဆုံး သုံးဦးရှိ နေရပါမည်။

 ဆန္ဒပြုပြီး ဆန္ဒမဲလက်မှတ်များကို ဆောင်ရွက်ခြင်း

မဲဆန္ဒရှင်ရောက်ရှိနေသောဒေသမှ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒရှင်က ဆန္ဒပြုပြီးပေးအပ်သည့် ကြိုတင် ဆန္ဒမဲစာအိတ်ကို သက်ဆိုင်ရာကြိုတင်ဆန္ဒမဲပုံးများတွင် ခေတ္တထည့်သွင်း၍ လုံခြုံစွာ ထားရှိပါ။ အဆိုပါ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်ကို မဲဆန္ဒရှင်၏ အမြဲတမ်းနေရပ် (မူလမဲစာရင်းပါရှိရာဒေသ)ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန်   ညနေ  ၄  နာရီ (၁၆:၀၀) အချိန်မတိုင်မီ ရောက်ရှိစေရန် ဆက်လက်ပေးပို့ပါ။

မဲဆန္ဒရှင်၏အမြဲတမ်းနေရပ်   (မူလမဲစာရင်းပါရှိ ရာဒေသ) ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့   မဲရုံပိတ်ချိန်  ညနေ ၄ နာရီ (၁၆:၀၀) အချိန်မတိုင်မီ ရောက်ရှိလက်ခံရရှိသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်ကို သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲပုံးများတွင်  ထည့်သွင်း၍  လုံခြုံစွာသိမ်းဆည်းထားရှိပါ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့  မဲရုံပိတ် ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန်နောက်ပိုင်း ရောက်ရှိလာသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို လက်ခံခြင်းမပြုရပါ။

အထက်အပိုဒ်ပါ  လက်ခံရရှိ သိမ်းဆည်းထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပ သည့်နေ့ မဲရုံပိတ်ပြီးသည့် ညနေ ၄ နာရီ (၁၆:၀၀) အချိန် နောက်ပိုင်းတွင် သတ်မှတ်ထားသည့်  နည်းလမ်းများနှင့် အညီ ရေတွက်၍ သက်ဆိုင်ရာ ပုံစံများတွင် ဖြည့်သွင်း ၍ပြုစုပါ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ (၁၆:၀၀) အချိန် နောက်ပိုင်းရောက်ရှိလာသော မည်သည့်   ကြိုတင်ဆန္ဒမဲလက်မှတ်ပါ  စာအိတ်ကိုမျှ လက်ခံခြင်း၊ ထည့်သွင်းရေတွက်ခြင်း  မပြုရပါ။

ဥပဒေနှင့်အညီဖြစ်ပါစေ

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် အထူးကိစ္စရပ်အနေဖြင့် ပုံစံ (၁၅) ဖြင့် လျှောက်ထားပြီး ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိကြသည့် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်  လုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင်  ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် သက်ဆိုင်သည့်သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီသာ အလေးထားလိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါသည်။

အထူးသတိပြုကြရန်

အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း   မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့ရောက်ရှိနေ သော မဲဆန္ဒနယ်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရေးအတွက် ပုံစံ (၃-က) ဖြင့် လျှောက်ထားပြီးဖြစ်သဖြင့် အထူးကိစ္စ တစ်ရပ်အနေဖြင့် ပုံစံ (၁၅) ထပ်မံလျှောက်ထား လုပ် ဆောင်ရန် မလိုအပ်တော့ပါ။ အဆိုပါမဲဆန္ဒရှင်များအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သော  ကြေညာချက်အမှတ်  (၁၆၆/၂၀၂၀)  နှင့် အညီသာ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး  ဆန္ဒမဲပေးနိုင်ရေး

ရွေးကောက်ပွဲတစ်ခုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးနိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရချိန်ဖြစ်သဖြင့် ဤအချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအရ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက် နေထိုင်ကြရသဖြင့်   မိမိမဲစာရင်းပါရှိရာ  မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပ ရောက် မဲဆန္ဒရှင်များနှင့်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာကြခြင်းဖြင့်   ဆန္ဒမဲပေးပိုင်ခွင့်  အခွင့်အရေးများ ပြည့်ဝစွာရရှိကြမည်ဖြစ်ကြောင်းပါဗျာ။

 ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း  ဆန္ဒမဲပေးနိုင်ကြ ပါစေ။

 သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ကြပါစေ။

 လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်ပါစေ။

မောင်စာဂ