တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ကြသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မတူကွဲပြား မှုများကို အသိအမှတ်ပြုပြီး ပေါင်းစည်း အင်အားဖြင့် စုစည်းတည်ဆောက်နိုင်ရန်မှာ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင် ရန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို မဖြစ်မနေဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ယင်းကိုတည်ဆောက်နိုင်ရန် အတွက် နှစ်ပေါင်း ၇၀ကျော်ကြာပြီဖြစ်သည့်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA တွင် လက်မှတ် ရေးထိုးသည့် ကနဦးလုပ်ငန်းစဉ် များတွင် ပြည်ထောင်စုတစ်ခုလုံး၏အကျိုးကို ရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်သင့်ကြပေသည်။ ယခုအခါ NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိနေသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ (၅)နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။ ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးအတွက် ထူးခြားသော၊ အရေးကြီးသောနေ့တစ်နေ့ဖြစ်၍ ထိုနေ့နှစ်ပတ်လည်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သော်လည်း ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအရ ယခင်နှစ်များကကဲ့သို့ ကျင်းပနိုင်ခြင်းမရှိသဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက် အထိမ်းအမှတ် အခါသမယသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
“နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်သည်အထိ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ပါဝင်ပတ်သက်သူများအကြား ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက် ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာကြုံတွေ့ခဲ့ရကာ ယင်းတို့ကို အစုအဖွဲ့များအကြား ပြန်လည် ဆွေးနွေး ညှိနှိုင်းပြီး စိန်ခေါ်မှုများ၊ အခက်အခဲများအား ကျော်လွှားနိုင်မည့် သဘော တူညီချက်များကို ရယူနိုင်ခဲ့သည်။ ယနေ့အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူများအကြား ဝိဝါဒကွဲပြားစရာမရှိတော့ဘဲ တူညီသော ပြည်ထောင်စုအိပ်မက်တစ်ခုကို လက်တွေ့ပေါ်လာအောင် အကောင်အထည် ဖော်နေပြီဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေးများတွင် ပြည်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တ ခဲ့ရသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံတူညီသော ရည်မှန်းချက်များကို သဘောတူချမှတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏အနာဂတ်အတွက် အရေးအကြီးဆုံး ဦးစားပေးလိုအပ် ချက်သည် ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ငြိမ်းချမ်းရေးသည် မိမိတို့ပတ်ဝန်းကျင် အတွက်၊ မိမိတို့နိုင်ငံအတွက်၊ မိမိတို့လူသားများအားလုံးအတွက် ငြိမ်းချမ်းသော ကမ္ဘာသစ်ဖြစ်သည်။ ငြိမ်းချမ်းသောကမ္ဘာကြီးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလည်း အတူတကွလက်တွဲပါဝင် ပျော်ရွှင်ငြိမ်းချမ်းလိုကြ ပေသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများနှင့် ကြုံတွေ့ ခဲ့ရပြီး မငြိမ်းချမ်းသေးသော မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို အားလုံးက ဝိုင်းဝန်းကူညီစာနာကြရမည်ဖြစ်သည်။ မငြိမ်းချမ်းသေးသော ဆိုးမွေများသည် ပြည်သူပြည် သားအားလုံး မျှဝေခံစားရမည့်၊ အကျိုးဆက် များကို အတူကြုံ တွေ့၊ အတူဖြေရှင်းကြရ မည့်သမိုင်းပေးတာဝန်များဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် NCA လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက်အထိမ်း အမှတ်အခါသမ ယသို့ပေးပို့သည့်သဝဏ်လွှာပါအတိုင်း လက်ရှိရင်ဆိုင်ဖြေရှင်းနေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ဘေးကင်းလုံခြုံ အောင်မြင်စွာ ကျင်းပ နိုင်ရေး၊ ၂ဝ၂ဝ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးတို့အတွက် ကျွန်ုပ်တို့အားလုံး မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု သန္နိဋ္ဌာန်ပြုပါကြောင်း။ ။