နေပြည်တော် အောက်တိုဘာ ၁၀
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော် မတီသို့ အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့် အမျှဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ယူအားပေးသည့် သဘောဖြင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများက စိတ်ဆန္ဒအလျောက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းခြင်းဖြစ် ကြောင်း၊ ဝန်ကြီး ဌာနမှ အလုပ်သမားဆေးရုံ (၃) ခုတွင် သံသယလက္ခဏာလူနာများအား လက်ခံကုသမှုပေးလျက် ရှိကြောင်း၊ လူမှု ဖူလုံရေးဆေးခန်းများကလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့ နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ် လာသည့် အချိန်မတိုင်မီ ကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် လူအများစုဝေး၍ နီးကပ်စွာ အလုပ် လုပ်ကိုင်ရသည့် စက်ရုံနှင့် အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ်သမားများသည် ရောဂါ ကာကွယ်ရေး စည်းကမ်း များကို ဆက်လက်၍ သတိပြုကာ အတိအကျလိုက်နာဆောင်ရွက်ကြရန်မှာ အထူး အရေး ကြီးပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ အစိုးရအဖွဲ့များသည် ဤကိစ္စရပ်အား ရေရှည် ကိစ္စတစ်ရပ် အဖြစ် သတ်မှတ်ကာ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်မှုများ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေချိန်တွင် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းပြန်လည် လည်ပတ်ရာတွင် အလုပ်သမားများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင် ရန်နှင့် လူအများနှင့် ဆက်ဆံရသူများတွင် mask ကိုသာမက မျက်နှာအကာ (face shield) ကိုပါ တပ်ဆင်ရန် တို့ကိုသာမက ထမင်းစားသောက်ချိန်၌ လူအများစုဝေးကာ ရောဂါကူးစက်နိုင်သဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်မှာ အထူးအရေးကြီးပါ ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများလိုက်နာရန် ရောဂါကာကွယ်ရေးစည်းကမ်းများကိုလည်း ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ လှူဒါန်းငွေကျပ် (၁၁၆) သိန်း၊ ဩစတြေးလျနိုင်ငံနေ ဒေါက်တာဇော်သူအောင် + ဒေါက်တာဆုမြင့်တင်၊ (သမီး) မရှင်းသန့်မြင့်သူ နှင့် (သား) မောင်ခန့်ဘုန်းမြင့်သူ တို့၏ လှူဒါန်းငွေကျပ် (၁၀) သိန်း၊ ဦးညွန့်တင် (စာရေးဆရာ - ပြည်သာယာ)+ ဒေါ်နန်းရွှေမြင့် မိသားစု ၏ လှူဒါန်းငွေကျပ် (၁၀) သိန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ကျန်းမာရေး) အရာထမ်းနှင့် အမှုထမ်းများ ၏ လှူဒါန်းငွေကျပ် (၄) သိန်း တို့ကို ပေးအပ် လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်တို့က လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)