Skip to main content

နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့ခြင်းသည် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် တိုက်ရိုက် ဆက်စပ်မှုရှိသဖြင့် ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးမှု၊ ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ် - ၁၉ စစ်ဆေးရာတွင် အခက်အခဲများ ကြုံတွေ့နေရမှု၊ သို့ဖြစ်၍ ၎င်းတို့အား ကိုဗစ် - ၁၉ Rapid Test Kit များဖြင့် စစ်ဆေးနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အစီအစဉ်များ၊ Rapid Test Kit များဖြင့် စစ်ဆေးခကို သက်သာသော နှုန်းထားဖြင့် ကောက်ခံသွားနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချင်းချင်းအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်သည့် ဆုံးဖြတ် လမ်းညွှန်ချက် ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာ သက်ခိုင်ဝင်းတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

#Myanmar State Counsellor Office