Skip to main content

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၁)ရွေးကောက်ပွဲ၊ ကိုဗစ်-၁၉ နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပါမည်။ ကိုဗစ်-၁၉ ရောဂါကလည်း မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ကူးစက်ခံနေရချိန် ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းများ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ပါဝင်သောအခန်းကဏ္ဍ မည်သို့ အရေးကြီးပါသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။

နိုင်ငံတော်ကိုစုစည်းခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းသည်။ ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်စုစည်းသည်။ ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ် စုစည်းသည်။ မြို့နယ်များကို ခရိုင်အဖြစ်စုစည်းသည်။ ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စုစည်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ်စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းအဖြစ် စုစည်းသည်။

တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်။ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော်အဖြစ်စုစည်းသည်။

နိုင်ငံတော်စုစည်းပုံအရ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များသည် အခြေခံအကျဆုံးဖြစ်သည်။ အခြေခံအကျဆုံး ဖြစ်သည့် ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးများရှိသည်။ ယင်း၏အောက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများရှိသည်။ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများသည် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက သတ်မှတ် ချက်များနှင့်အညီ ဆန္ဒမဲပေး၍ ရွေးချယ်ခံထားရသူများ ဖြစ်ကြသည်။

ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များ၏အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအဝဝကို အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က တာဝန်ယူ၍ စီမံခန့်ခွဲဆောင်ရွက်ကြရသည်။ ယင်းသို့ အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များကို စီမံ ခန့်ခွဲဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ကျေးရွာ အုပ်စုတိုင်းနှင့်ရပ်ကွက်တိုင်း၌ စာရေးတစ်ဦးစီကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအဖြစ် ခန့်အပ် ထားရှိသည်။

အစိုးရဆိုသည်မှာ

ရာဇသတ်ကြီးပုဒ်မ ၁၇ တွင် "အစိုးရဆိုသည်မှာ ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံးတွင် မည်သည့်အရပ်၌မဆို ဥပဒေအရ အုပ်ချုပ်ခွင့်အာဏာရရှိသော သူတစ်ဦးဦး ကိုဖြစ်စေ၊ အများကိုဖြစ်စေ ဆိုလိုသည်" ဟူ၍ ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများသည် သက်ဆိုင်ရာ ကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်များ၏ အစိုးရများဖြစ်ကြသည်။ နိုင်ငံတော်၏အခြေခံ အကျဆုံးသော အုပ်ချုပ်သူများ ဖြစ်သည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မူလပထမ

နိုင်ငံတစ်ခု၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ ဆိုလျှင် ကျေးရွာများ၊ ရပ်ကွက်များက အဓိကအခြေခံဖြစ်သည်။ ကျေးရွာတိုင်းကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းက သာယာအေးချမ်း နေမှသာလျှင် ထိုမြို့၊ ထိုနယ်၊ ထိုတိုင်း၊ ထိုနိုင်ငံ ၊ ထိုလူ့ဘောင်အဖွဲ့အစည်းသည် အေးချမ်းသာယာမည်။ ကျေးရွာတိုင်း ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတို့က တရားဥပဒေစိုးမိုးရေးရှိနေမှသာလျှင် ထိုနိုင်ငံ၊ ထိုလူ့ဘောင်အဖွဲ့အစည်းသည် တရားဥပဒေစိုးမိုးနေမည်။ ထို့ကြောင့်ပင် နိုင်ငံတိုင်း နိုင်ငံတိုင်းနှင့် လူ့ဘောင်အဖွဲ့အစည်း တစ်ခုတိုင်း တစ်ခုတိုင်းတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး သည် မူလပထမဖြစ်သည်ဟူ၍ ဆိုကြသည်။ အေးချမ်းသာယာသော၊ တရားဥပဒေစိုးမိုးသောကျေးရွာများ၊ ရပ်ကွက်များဖြစ်ဖို့ဆိုလျှင် ထိုကျေးရွာများ၊ ရပ်ကွက်များကိုတာဝန်ယူ၍ စီမံခန့်ခွဲအုပ်ချုပ်နေရသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် များစွာတည်မှီနေပါမည်။ ကျေးရွာအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းအား အစဉ်အားကောင်း နေကြရပါမည်။

ကိုဗစ်- ၁၉နှင့် အုပ်ချုပ်ရေးမှူးများ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အစဦးကာလမှစ၍ အုပ်ချုပ်ရေးမှူးများ၏ စီမံခန့်ခွဲစွမ်းအား ကောင်းမွန်ကြ သည်ကို တွေ့မြင်ကြရသည်။ မိမိတို့၏ကျေးရွာ၊ မိမိတို့၏ ရပ်ကွက်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်မှုများ ပြုနိုင်ကြသည်။ မိမိတို့၏ဒေသ အခြေအနေအရ လိုအပ်သော ကြိုတင် တားဆီးကာကွယ်ရေး နည်းလမ်းများကို အသုံးပြုကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုန်ပြန်သော စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင် သွားလာနိုင်ကြစေရေး စီမံခန့်ခွဲမှုများ ပြုနိုင်ကြသည်။ ကျေးရွာသူ ကျေးရွာသားများ၊ ရပ်ကွက်သူ ရပ်ကွက်သားများ စည်းကမ်းတကျရှိစေရေး၊ ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်နိုင်ရေး တို့ကို ဦးဆောင်ဦးရွက်ပြုနိုင်ကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းပါဝင် စီမံဆောင်ရွက်နိုင်ကြခြင်းကို ဂုဏ်ယူကြရပါမည်။

ရွေးကောက်ပွဲနှင့် အုပ်ချုပ်ရေးမှူးများ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲ၏ အခြေခံအကျဆုံးဖြစ်သော မဲစာရင်းများ ပြုစုခြင်းလုပ်ငန်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရသည်။ ဤမျှနှင့် မပြီးသေးပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် လိုအပ်သည့် အကူအညီများ ပေးနေကြရသည်။

ရွေးကောက်ပွဲတစ်ခု၏ အဓိကအခြေခံကျသော ရွေးကောက်ပွဲလုပ်ငန်းစဉ် အစကနဦး ဆောင်ရွက်ရခြင်း သည် မဲရုံများတွင်ဖြစ်သည်။ မဲရုံများသည် ကျေးရွာနှင့် ရပ်ကွက်များအတွင်းမှာပင် တည်ရှိသည်။ ယခု ရွေးကောက်ပွဲကို ကိုဗစ် - ၁၉ ရောဂါ ကာလတွင် ကျင်းပရ ပါမည်။ ဤတွင် ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် တစ်ဖက်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေကြရသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်သူနှင့် နိုင်ငံတော်အတွက် အရေးကြီးသော ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးစားအားထုတ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။

လုပ်ငန်းလမ်းညွှန်ချက်များ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေကောက်ပွဲ ကော်မရှင်က လိုအပ်သောလမ်းညွှန်ချက်များကို အချိန်အခါနှင့်အညီ ထုတ်ပြန်ပေးလျက် ရှိသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) ကို လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပသည့်အခါ မဲရုံ ပြင်ဆင်ခြင်းလုပ်ငန်းများတွင် လိုက်နာရန်အချက်များနှင့် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲလေ့လာသူများ၊ မဲဆန္ဒ ရှင်များ၊ ဆက်စပ်ပါဝင် သက်ဆိုင်နေသူများ လိုက်နာရန် အချက်များ စံလုပ်ငန်းလမ်းညွှန်အပိုင်း(၂)ကို လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ကော်မရှင်အဖွဲ့ခွဲများနှင့် အုပ်ချုပ်ရေးမှူးများ၏ စွမ်းရည်

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင်းပရသည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အပါအဝင် ဆိုင်ရာဌာန အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအားလုံး စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ချောမောအောင်မြင်ပါမည်။ ရွေးကောက်ပွဲအချိန်ဇယားအရ ကြိုတင်ပြင်ဆင်ပြုဖွယ် လုပ်ငန်းများကို သတ်မှတ် ကာလများအတိုင်း ဆောင်ရွက်ပြီးဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများကို ဒုတိယအကြိမ် ကြေညာကပ်ထား၍ အပြီး သတ်စိစစ်ကြလျက်ရှိသည်။ ပွဲမဝင်ခင် သရုပ်ပြမဲပေးမှုများ ပြုလုပ်ပြီး လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆောင်ရွက် လျက်ရှိသည်။ တစ်နိုင်ငံလုံးကျင်းပမည့် ရွေးကောက်ပွဲ ရက်သည်လည်း တဖြည်းဖြည်းနီးကပ်လာပြီ။ နောက်ဆုံး၌ ရွေးကောက်ပွဲ၏အရေးကြီးဆုံးဖြစ်သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံအသီးသီးသို့ ပြည်သူများ အချိန်မီ လာရောက်၍ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ ဆန္ဒမဲ ပေးနိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်ကြရပါမည်။

မြို့တိုင်း၊ နယ်တိုင်း၊ ရပ်ရွာတိုင်းတွင် အကြီးအမှူး ဦးစီး ခေါင်းဆောင်တာဝန်ယူထားကြသည့် အုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကို ပြည်သူတို့နှင့်အတူ စွမ်းစွမ်းတမံ ဆောင်ရွက်ကြလျက်ရှိသည်။ ထို့အတူ ရွေးကောက်ပွဲကြီးကို လည်း ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် အတူပူးပေါင်း၍ အောင်မြင်စွာ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ကြပါမည်။ ဤနေရာတွင် အချက်တစ်ချက်ထောက်ပြ အကြံပြုလိုပါသည်။ ရွေးကောက်ပွဲနေ့တွင် ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူတိုင်း မဲရုံသို့ လာရောက်မဲပေးနိုင်ရေးအတွက် ဆိုင်ရာ ကျေးရွာ/ ရပ်ကွက်မှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက မိမိတို့ အပိုင်းအလိုက် မဲဆန္ဒရှင်များအား သင့်လျော်သည့်အချိန်များ ညှိနှိုင်းပေးပြီး မဲရုံသို့သွား ရောက်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် နိုင်ပါသည်။ ယင်းသို့ စီစဉ်ပေးခြင်းဖြင့် မဲရုံတွင် လူအများစုပြုံနေခြင်းမရှိဘဲ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ချောမော အဆင်ပြေစွာ မဲပေးနိုင်ကြပါမည်။ အချိန်တွေအလဟဿမဖြစ်တော့ပါ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမည်ကိုလည်း စိုးရိမ်ကြောင့်ကြ မရှိစေတော့ပါ။ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံ ယုံကြည်စိတ်ချစွာ ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းပါဗျာ။

ပြည်သူ့စွမ်းအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို အမြန်ဆုံးကင်းစင်ပပျောက်အောင် စီမံဆောင် ရွက်နိုင်ကြပါစေ။

မြို့ရွာဒေသအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမောစွာ လာရောက်မဲပေးနိုင်ရေး စီမံဆောင်ရွက်နိုင်ကြပါစေ။

ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်စွာကျော်လွှားအနိုင်ယူပြီး ရွေးကောက်ပွဲကြီး ချောမောအောင်မြင်ရေး စီမံဆောင်ရွက်နိုင်ကြပါစေ။ ။

မောင်စာဂ