Skip to main content

မြစ်ကြီးနားမြို့ပေါ် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှု အခြေအနေကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  အောက်တိုဘာ  ၃

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှု အခြေအနေနှင့် မြို့တွင်း ရေဝပ်တင်ကျန်နေသည့် နေရာများကို ကွင်းဆင်းစစ်ဆေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့ရှိ တပ်ကုန်းရပ်ကွက်နှင့် တပ်ကုန်း (အင်ဂျန်ဒုံ)အပိုင်း၌ ဆွမ်ပရာဘွမ်လမ်းမကြီး အရှည် ၂၈၇၅၈ ပေ၊ အကျယ် ပေ ၆၀ ရှိ နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လမ်းကို စံချိန်စံညွှန်းနှင့်အညီ စောလျင်စွာပြီးစီးရေး၊ မျက်နှာပြင်ညီညာမှုရှိစေရေးအတွက် အောက်ခံမြေသားအမာခံ လုပ်ငန်းကို စနစ်တကျတိုင်းတာ ဆောင်ရွက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လမ်းလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ပလန(စိန့်ဂျိုးဇက်) စစ်ရှောင်စခန်း၌ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး စခန်းအတွင်း လျှပ်စစ်မီးလိုအပ်ချက်နှင့် အခြား လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ပလနကျေးရွာအုပ်စု၊  ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပမ္မတီးရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းကပ် ထားကြေညာထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများအား မဲစာရင်းမှန်ကန်မှုရှိစေရေး၊ နိုင်ငံသားအခွင့်အရေးဖြစ်သည့်အတွက် မဲပေးပိုင်ခွင့်ရှိသူများအား မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေး စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းချိတ် ဆက်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပမ္မတီးရပ်ကွက်၊ ဘုံမောနယ်မြေအတွင်း မိုးရွာသွန်းမှု ကြောင့် ရပ်ကွက်အတွင်း ရေဝပ်တင်ကျန်လျက်ရှိသည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး လတ်တလော အခြေအနေအရ ရေဝပ်သည့်နေရာများမှ ရေများဖယ်ထုတ်ပေးနိုင်ရေးအတွက် ရေစုပ်စက်များဖြင့် ထုတ်ယူဖယ်ရှားနိုင်ရေး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်