မန္တလေး အောက်တိုဘာလ ၂
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်)ကိုယ်စားပြု၍ ရန်ကုန်သို့သွားရောက်ကြမည့် လုပ်အားပေး ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့တော်ဆေးရုံတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အားပေးစကားပြောကြားခဲ့သည်။
" ဒါကနိုင်ငံ့အရေးလည်းဖြစ်တယ်။ လူတိုင်းကလည်း ကြောက်ကြတယ်။ အဲလိုကြောက်နေတဲ့ကြားထဲမှာမှ အကုန်လုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ ဖြစ်မှာဆိုတော့ အသိစိတ်နဲ့သွားကြတဲ့ သူတွေ အကုန်လုံးကို ဝမ်းသာပြီး ဂုဏ်ယူပါတယ်။ သူတို့တွေ အကုန်လုံး ကျန်းကျန်းမာမာနဲ့ တစ်လတာ လုပ်ဆောင်ပြီးတော့မှ ကျန်းကျန်းမာမာနဲ့ ပြန်လာပါစေလို့ ဆုတောင်းပါတယ်။ " ဟု မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ဒေါက်တာ ကြူကြူက ပြောသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများလာသော ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်အားပေးနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်)ကိုယ်စားပြု၍ ညိမ်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ Grand Mandalay၊ အာရောဂျံဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မန္တလာဆေးရုံ၊ မြတ်တော်ဝန်ဆေးရုံနှင့် မြို့တော်ဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်း ၅၀ဦးသည် ယနေ့မနက်က ရန်ကုန်သို့ သွားရောက်ရန် မြို့တော်ဆေးရုံမှ ထွက်ခွာကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်)မှ သိရသည်။
ထိပ်ထားနိုင်