Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရွှေဘိုမြို့ ကံသာကုန်းကျေးရွာသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အခြေခံစား သောက်ကုန်များ ထောက်ပံ့

မုံရွာ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ် (၁) နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရွှေဘိုမြို့ ညောင်ပင်သာကျေးရွာအုပ်စု ကံသာကုန်းကျေးရွာတွင် (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်ထားသူများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျေးရွာရှိ ပြည်သူများ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အားလုံးပူးပေါင်း လိုက်နာဆောင်ရွက်ကြစေကြောင်း မှာကြားခဲ့ပြီး ရွှေဘိုမြို့ဒေသခံအလှူရှင်များ၏ စုပေါင်းထည့်ဝင်ငွေများဖြင့်   လိုအပ်သည့် အခြေခံ စားသောက် ကုန်များဖြစ်သော ကြက်သွန်နီ(၁၂၀)ပိဿာ၊ ပဲ (၁၀၀)ပိဿာ၊ အာလူးသီး (၁၆၀)ပိဿာ တို့ကိုလည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Mask (၂၅၀၀) ခုကိုလည်းကောင်း တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ရွှေဘိုမြို့ မြို့ရှောင်လမ်းအား ၂၀၂၀-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့်ပြုခဲရာ အဆိုပါလမ်းပေါ်၌  ဖြတ်သန်းသွားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)