နေပြည်တော် အောက်တိုဘာ ၁
အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ (၂၀၂၀) ပြည့်နှစ်၊ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီခွဲက Video conferencing စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး အဖွင့်မိန့်ခွန်း ပြောကြားသည်။
ရှေးဦးစွာ (THET) အဖွဲ့၏ Chief Executive Officer ဖြစ်သူ Mr. Ben Simms က ယခုကျင်းပသော နှစ်ပတ်လည်ညီလာခံသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသော်လည်း နိုင်ငံပေါင်း (၃၀) ကျော်မှ ပညာရှင်များ (၄၆၀) ကျော် တက်ရောက်လျက်ရှိပါကြောင်း၊ ကမ္ဘာ တစ်ဝန်း၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်သန်းကျော်သွားပြီဖြစ်ပြီး ၎င်းတို့အနက် ကျန်းမာရေးစောင့်ရှောက် ပေးသူ (၇,၀၀၀) လည်း ပါဝင်ပါကြောင်း၊ မိမိအနေဖြင့် ကိုဗစ်-၁၉ သည် ကမ္ဘာ့ကပ် ရောဂါတစ်ခု ဖြစ်ရုံသာမက အခြားသော ကပ်ရောဂါ များကိုပါ အတူယှဉ်တွဲဖြစ်စေ သည့် ကပ်ရောဂါကြီးတစ်ခုဖြစ်သည်ဟု ပြောလိုပါကြောင်း။
မိမိတို့အနေဖြင့် အရေးကြီးပြီး မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ယခုလို အချိန်များတွင် မိမိတို့ အားလုံးသည် ဘဏ္ဍာရန်ပုံငွေများ၊ နည်းပညာများ၊ ကျွမ်းကျင်ပညာရှင် အစရှိသည့် စွမ်းအား စုများကို ပေါင်းစုစည်းပြီး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယူကေနှင့် မြန်မာနိုင်ငံအကြား မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သည့်အနေဖြင့် ထောက်ပံ့မှုများ ပိုမိုပေး အပ်လျက် ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom က လွန်ခဲ့သော (၉)လမှစတင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် လူ့အသက် သေဆုံးမှု များကိုသာမက ဘဝရှင်သန်မှု၊ အလုပ်အကိုင်အခွင့်အလမ်း များစွာကို ဆုံးရှုံးမှု ဖြစ်စေ ခဲ့ပါကြောင်း၊ မိမိတို့အားလုံး စုစည်းညီညွတ်မှုနှင့် ထိခိုက် ဆုံးရှုံးမှုများကို နားလည် စာနာကာ ထောက်ပံ့ကူညီလိုသည့် စိတ်ဆန္ဒများကို ပြသရမည့်အချိန်ဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် အရည်သွေးပြည့်ဝသော ကျန်းမာ ရေးစောင့်ရှောက်မှုများကို ဆက်လက် ပေးနိုင်ရေးသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုများ ပြန်လည်ရရှိရေးတို့အတွက် အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများ အကြား နီးကပ်စွာ မိတ်ဖက်သဖွယ် ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခု ကို ပြန်လည် တည်ဆောက် ကြပါစို့ဟု ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်မိန့်ခွန်းပြောကြား ရာတွင် ယခုအချိန်တွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးသည် ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်များ အပါအဝင် အရင်းအမြစ် အမျိုးမျိုးကို အသုံးချဆောင်ရွက်နေကြ ပါကြောင်း၊ ပြည်သူများ၏ ကိုယ်တိုင်ပူးပေါင်းပါဝင်ကာ စည်းကမ်းလိုက်နာ ဆောင်ရွက်မှုသည် ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုများကို ဟန့်တားနိုင်ရန် အဓိက အရေးအကြီးဆုံး အချက်ဖြစ်သည်ကို အလေး ထားပြောကြားလိုပါကြောင်း၊ ထို့အပြင် ကမ္ဘာအရပ်ရပ်ရှိ ကျန်းမာရေးဝန်ကြီးဌာန များအနေဖြင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ချိန်သားကိုက် စုစည်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံအကြီးအကဲများ၏ စိတ်ဝင်စားစွာ ဦးဆောင်မှုများ ပြုလုပ်မှသာလျှင် ဤကပ်ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ပါ ကြောင်း။
ယခု ညီလာခံ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သည့် "အားလုံးအတွက် ကျန်းမာရေး ဆယ်စုနှစ် အတွင်း ဆောင်ကြဉ်းပေး (Health for All; A decade to deliver)" နှင့်အညီ ကမ္ဘာ့နိုင်ငံ များသည် ပြည်သူများ ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရေးအတွက် အမျိုးမျိုးသော နိယာမသဘောတရားများ၊ ချည်းကပ်မှုပုံစံများဖြင့် ကြိုးပမ်းဆောင် ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် အထူးအရေး ကြီးသည်မှာ တီဘီ၊ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်း များ၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းများ၊ မကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အပါအဝင် အခြားသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုအရှိန်အဟုန် ကျဆင်းလျက်ရှိခြင်း (သို့မဟုတ်) ရပ်ဆိုင်းထားရခြင်းသည် ရေရှည်တွင် နိုင်ငံများ၏ ကျန်းမာရေး အဆင့်အတန်းကို ကျဆင်းထိခိုက်စေမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှ မူဝါဒချမှတ်သူများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှု အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားချိန်တွင် အဆိုပါ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ချက်ချင်း အရှိန်အဟုန်မြှင့်၍ မပျက်မကွက် စတင်နိုင်ရေး ယခုကာလ ကတည်းမှ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံများ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု အရှိန်အဟုန်နှင့် ဖြစ်ပွားသူ အရေအတွက်မှာ နေရာတစ်ခုနှင့် တစ်ခု တစ်ပြေးညီ မဟုတ်သည့်အတွက် ဖြစ်ပွားကူးစက်ပျံ့နှံ့မှု နည်းပါးသော နေရာများ၌ ဖော်ပြပါ ကျန်းမာရေးစီမံချက် လုပ်ငန်းများကို စတင်လုပ်ဆောင်သင့်ပါကြောင်း၊ မိမိတို့ နိုင်ငံ၌လည်း ထိုသို့ဆောင်ရွက်ရန် ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတွင် ဆက်လက်ရှိနေဦး မည်ဖြစ်ပြီး မိမိတို့ အနေဖြင့် နေထိုင်မှု ပုံစံသစ်များနှင့် ကျင့်သုံးလိုက်နာဆောင်ရွက်နိုင်ရန် ယခုကတည်းက စတင်စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် မြန်မာနိုင်ငံပြည်သူများ အရည်အသွေးပြည့်ဝသည့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ရရှိစေရန်အတွက် လက်တွေ့ကျပြီး သမားရိုးကျမှ ဖောက်ထွက်သော အတွေးအမြင်များ၊ ရှေ့သို့ကြိုတင်တွက်ဆသည့် အတွေးအမြင်များ ဖြင့် လက်တွေ့လုပ်ငန်းကို ရှေးရှုဆောင်ရွက် ပံ့ပိုးနေသည့်အပြင် နိုင်ငံ၏ လိုအပ်ချက် နှင့် ကိုက်ညီသည့် ပံ့ပိုးမှုများ၊ ပူးပေါင်ဆောင်ရွက်မှုများ ပေးအပ်လျက်ရှိသော (THET) အဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊ ဥပမာအားဖြင့် (THET) အဖွဲ့၏ ပံ့ပိုးမှုဖြင့် လွန်ခဲ့သော (၇) နှစ်တာကလမှစ၍ The Cambridge-Yangon Trauma Intervention Project ဖြင့် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသမှု၊ အထူးကြပ်မတ်ကုသမှု၊ ပြန်လည် သန်စွမ်းရေး၊ ရောဂါဗေဒ နှင့် ဦးနှောက်နှင့်အာရုံကြော ပညာရပ်အသီးသီးတို့ စုပေါင်း ကာ ထိခိုက်ဒဏ်ရာရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ (THET) အဖွဲ့အနေဖြင့် အာရှ၊ အာဖရိက၊ တောင်အမေရိကနှင့် ကမ္ဘာနှံ့အပြားရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မိတ်ဖက်ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်သွားရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံ တွင် (THET) အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် ပုဂ္ဂလိကအထွေထွေ ရောဂါကု ဆရာဝန်များ၏ စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများသည် "လူတိုင်း ကျန်းမာရေး" အတွက်များစွာ အထောက်အကူ ပြုသဖြင့် (THET) အဖွဲ့အနေဖြင့် အခြား သော နိုင်ငံ များတွင်လည်း ဆောင်ရွက်သွားရန် အကြံပြုတိုက်တွန်းလိုပါကြောင်း။
မြန်မာနှင့် UK နိုင်ငံတို့အကြား ကျန်းမာရေးလှုပ်ရှားမှုများ ချိတ်ဆက် ဆောင်ရွက် ခြင်းများသည် နှစ်စဉ်နှစ်တိုင်း အရှိန်အဟုန်များပြားလာသည့်အတွက် "Myanmar – UK Health Alliance" အစီအစဉ်သည် မြန်မာနိုင်ငံ၏ ဆေးကုသရေး ကဏ္ဍ၌ အဓိက နေရာမှ ပါဝင်နေပါကြောင်း၊ လူတိုင်းကျန်းမာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်ကို ရရှိအောင်မြင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို သာတူညီမျှမှုရှိစွာနှင့် တန်းတူညီမျှမှုရှိစွာ ရရှိနိုင်ရေး ဆောင်ရွက်ရာတွင် (THET) အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအား ပံ့ပိုးမှုများ ပိုမိုပေးအပ်ပါရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ "လူတိုင်း ကျန်းမာရေး ရည်မှန်းချက်" ကို ရရှိအောင်မြင်နိုင်ရေးဆောင်ရွက်ရာတွင် ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ ပြည်သူများအတွက် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများအား ကြိုးပမ်းစွမ်းဆောင်လိုစိတ်ရှိသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ပါကြောင်း။နိုင်ငံများ အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ လက်တွေ့မြေပြင် အခြေအနေများ၊ လုပ်ငန်းအောင်မြင်မှုများကို ဝေမျှခြင်း အားဖြင့် အခြားနိုင်ငံများအနေဖြင့်လည်း အတုယူလုပ်ဆောင်မှုများ ပြုလုပ်နိုင်မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ (THET) အဖွဲ့၏အနေဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအကြား ထိုသို့ အတွေ့အကြုံဝေမျှခြင်းဆောင်ရွက်နိုင်ရေး အကြံပြုတိုက်တွန်းလိုပါ ကြောင်း၊ လူတိုင်းကျန်းမာရေး ရည်မှန်းချက်သည် မျှော်မှန်းချက်မြင့်မားသောပန်းတိုင် (aspirational goal) တစ်ခုဖြစ်ပြီး ၎င်းကို ရရှိစေရန်မှာ နိုင်ငံတစ်ခု၏ အမျိုးသားမူဝါဒ၊ ကျန်းမာရေးမူဝါဒနှင့် ထင်ဟပ်ကိုက်ညီမှုများ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၎င်းရည်မှန်းချက် ရရှိရန်မှာ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ အတွေးအမြင်နှင့် ကျင့်သုံးလိုက်နာ မှုများ အပေါ်မူတည်နေပါကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝစေရေး အတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြု၍ ဆောင်ရွက်နေမှုကိုလည်း အတွေ့အကြုံ ဝေမျှလိုပါကြောင်း၊ နိုင်ငံ အသီးသီးတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ် သောအဖွဲ့အစည်းများသည် လုပ်ငန်းဆောင်ရွက်မှု ကဏ္ဍနှင့် နေရာဒေသ ထပ်နေခြင်း မရှိစေရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု ကောင်း များလိုအပ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် Myanmar Health Sector Coordination Committee (M-HSCC) ဖြင့် ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ ချိတ်ဆက်မှုကောင်းမွန် စေရေးကို ဂရုပြုဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပါး သော နိုင်ငံအများစုတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးကဏ္ဍအတွက် ကျွမ်းကျင် မှုပိုင်းဆိုင်ရာအဓိက အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ (၂) နှစ်တာ ကျန်းမာရေး စီမံချက်များသည် လူတိုင်းကျန်းမာရေး ရည်မှန်းချက်ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်မှု အခြေအနေကိုလည်းဆန်းစစ်ကြရန် အကြံပြုတိုက်တွန်း လိုပါကြောင်း၊ ထို့အပြင် လူတိုင်းကျန်းမာရေးရည်မှန်းချက်၊ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက် မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်များ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကိုလည်း ဆန်းစစ်ပါရန် အကြံပြု တိုက်တွန်းလိုပါ ကြောင်း။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် နေရာအနှံ့အပြားတွင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နေသည့် ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန် များသည် အရေး ကြီး မှုကို သတိပြုကြကာ ၎င်းတို့၏ အခန်းကဏ္ဍမြှင့်တင်မှု လုပ်ငန်း များကို တွေးတော ကြံဆကြရမည် ဖြစ်ပါကြောင်း၊ လူတိုင်းကျန်းမာရေး ရည်မှန်းချက် ကို ရရှိအောင်မြင်စေရေး အတွက် အားလုံးပါဝင် ဆောင်ရွက်သည့် ချည်းကပ်မှုပုံစံဖြင့် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အင်္ဂလန်နိုင်ငံမှ အထွေထွေရောဂါကုဆရာဝန် Dr. Bethany Moos က မြန်မာနိုင်ငံ တွင် မြွေကိုက်ရောဂါစီမံချက်သုတေသန ဆောင်ရွက်ခဲ့မှု အတွေ့အကြုံ များကိုလည်းကောင်း၊ East Landon NHS Foundation Trust မှ Dr. Navina Evens က အင်္ဂလန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကွန်ရက်တွင် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေး ပြောကြား သည်။
အဆိုပါညီလာခံကို အောက်တိုဘာ (၁)ရက်၊ (၂)ရက်၊ (၅)ရက်နှင့် (၆)ရက် များတွင် (၄)ရက်တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း (၃၀) ကျော်မှ ကျန်းမာရေး ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ သုတေသန ပညာရှင်များ၊ ဆေးပညာဆိုင်ရာ အထူးကုဘာသာရပ် အသီးသီးမှ ဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီးများနှင့် စိတ်ပါ ဝင်စားသူ (၄၆၀) ကျော် တို့က ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့် ပါဝင်တက်ရောက်ကြသည်။
(သတင်းစဉ်)