Skip to main content

Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၉

Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းတို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ လှူဒါန်းမှုများသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်တွင် လူနာများ အတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေး စနစ်ပိုမိုခိုင်မာ တောင့်တင်းစေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေ အရင်းအမြစ်များ မြန်ဆန်စွာ ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးနေသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန နှင့် ပြည်ပမှ ပံ့ပိုးမှုများကို ချိတ်ဆက်ရယူဆောင်ရွက်ပေးနေသည့်  အပြည်ပြည်ဆိုင် ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လှူဒါန်းငွေကျပ် (၈၇၅) သိန်းကို လည်းကောင်း၊ သိပ္ပံချွန်မိသားစု လူမှုရေးအသင်းကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က လှူဒါန်းငွေကျပ် (၈၅) သိန်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း + ဒေါ်မာမာဆွေ၊ သား ဦးအောင်ခိုင်+ဒေါ်နှင်းနှင်းရီ၊ ဦးစိုးထွန်း+ ဒေါ်မြကြေးမုံ၊ ဒေါက်တာမင်းထင်+ ဒေါက်တာသဇင်ဝင်း၊ ဦးအေးချို + ပြည့် မိသားစုက လှူဒါန်းငွေကျပ် သိန်း (၃၀) ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)