နေပြည်တော်၊ စက်တင်ဘာ ၂၅
မြိုအမျိုးသားဒီမိုကရေစီပါတီ ဒု-ဥက္ကဋ္ဌ ဦးမောင်စံအောင် က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။ အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
“လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျာ"
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ မြိုအမျိုးသားများရဲ့ တိုက်တွန်းချက်အရ လွှတ်တော်ကိုယ်စားလှယ် (၄)ဦး ဝင်ပြိုင်မည်ဖြစ်ပါတယ်။ မိဘပြည်သူများရဲ့ မဲတစ်ပြားအတွက်မြို့ ရိုးရာ ဧရာမ"မောင်း"ကြီးကို ဖော်ပြထားပါတယ်။
“လေးစားအပ်ပါသော ကျေးဇူးရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ"
ကျွန်တော်တို့ မြိုလူမျိုးတွေဟာ ရခိုင်ရာဇဝင်သမိုင်းအရ ဘီစီ(၃၃၂၅) ပထမ ဓညဝတီမြို့တည် “မာရယုမင်း” မတိုင်မီကစ၍ ယနေ့အချိန်ထိကျောချင်းကပ် ရင်ချင်းဆက် အေးတူပူမျှ ဒုက္ခသုခပေါင်းစုံကို ကြံ့ကြံ့ခံလျက် ဘဝရှင်သန်လာကြသော ရခိုင်တိုင်းရင်းသားမိဘပြည်သူများနှင့် ချင်းတိုင်းရင်းသားမိဘ ပြည်သူများကို နှလုံးသားထဲမှာ ဆွေမျိုးရင်းချာအဖြစ် မှတ်ကျောက်တင်ပြီးသား ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ် (ချင်းပြည်နယ်)တို့တွင် ပြန့်ကျဲစွာနေထိုင်ကြ၍ ၂၀၁၄-ခုနှစ်၊ သန်းခေါင် စာရင်းတွင် မြို့လူမျိုးအတွက် ရခိုင်စု (၇၀၁- ရခိုင်၊ ၇၀၂-ကမန်၊ ၇၀၃-ခမွီး၊ ၇၀၄-ဒိုင်းနက်၊ ၇၀၅-မရမာကြီး၊ ၇၀၆-မြို၊ ၇၀၇-သက်ဟု ဖော်ပြပါရှိသည်သာမက ချင်းစု (၄၄၆-ဝါကင်းမ် / မရို)ဟု ဂဏန်းသင်္ကေတ(၂)မျိုးဖြင့် ဖော်ပြပါရှိပါတယ်။
သို့ကြောင့် မြန်မာနိုင်ငံ ၁၉၉၄-ခုနှစ် အမျိုးသားညီလာခံတွင် (၁၀၀၀၀) တစ်သောင်းအထက် တိုင်းရင်းသားလူမျိုး ၃၅ မျိုးစာရင်းမှာ -
အမှတ်စဉ် (၂၂)။ မရို(မြို) - သုံးသောင်းခြောက်ထောင် (၁၉၉၂-ခုနှစ်၊ မတ်လ(၃၁)ရက်အထိ စာရင်း) ဟု ပြည်နယ်(၂)ခုရှိ မြိုလူမျိုးများကိုပေါင်း၍ ထုတ်ပြန်ပေးထားခြင်းဖြစ်ပါတယ်။
“လေးစားအပ်ပါသော ကျေးဇူးရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ"
လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ် (၂၈-၂-၁၉၆၀) ခုနှစ် ရွေးကောက်ပွဲအပြီး ကျောက်တော်မြို့၊ ဗိုလ်ကြီးကြာလှအောင် (ဂျပန်တော်လှန် ရေးခေါင်းဆောင်)နေအိမ်၌ ရခိုင်ပြည် မြိုအမျိုးသားများအဖွဲ့ချုပ် (ရမမဖ) ပါတီဌာနချုပ်ဆိုင်းဘုတ်ကို ၁၃၂၃-ခုနှစ်၊ နယုန်လပြည့်ကျော်(၄)ရက်(၁-၆၁၉၆၀)နေ့ နံနက်(၇)နာရီမှာ ထူထောင်ခဲ့ပါသည်။ နှစ်ပေါင်း(၆၀)နီးပါးကြာ ခဲ့ပြီဖြစ်သော်လည်း ဒီမိုကရေစီကို လိုလားသည့် နိုင်ငံရေးမျိုးဆက် ပြတ်တောက်မှု မရှိရအောင် “မြို့အမျိုးသားဒီမိုကရေစီပါတီ” ကို ထူထောင်ရခြင်း ဖြစ်ပါတယ်။
ဒီမိုကရေစီမျိုးစေ့ချပေးခဲ့သည့် ကျေးဇူးရှင် မြိုအမျိုးသားနိုင်ငံရေး ခေါင်းဆောင်ကော်မတီ (၁၉)ဦးစာရင်းကို မိဘပြည်သူများအမှတ်ရစေဖို့ ဖော်ပြပေးပါမည်။
“လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျာ”
ကျွန်တော်တို့ မြိုအမျိုးသားဒီမိုကရေစီပါတီ၏ မူဝါဒသဘောထားလုပ်ငန်း စဉ်များကို ဆက်လက်တင်ပြသွားပါမည်။ ပါတီ၏မူဝါဒသဘောထားများမှာ -
(၁) ကျွန်တော်တို့ပါတီနှင့် ဆန္ဒသဘောထားထပ်တူထပ်မျှရှိကြသော အခြားနိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မိတ်သဟာရဖွဲ့ပြီး၊ နိုင်ငံအကျိုး၊ ပြည်နယ်ဒေသအကျိုး၊ အမျိုးသားအကျိုးများကို ကြိုးပမ်းဆောင်ရွက်သွားမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ တိုင်းရင်းသားလူမျိုးများစု လူနည်းစုတို့အကြား တန်းတူရွယ်တူရှိပြီး ပွင့်လင်းမြင်သာသော အမျိုးသားရေး မူဝါဒများဖြင့် အပြန်အလှန်စောင့်ထိန်းစေ့စပ်ညှိနှိုင်းမှုမှ စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးကို ကြိုးပမ်းသွားမည်။
(၃) ပြည်သူများသည် ကျေးဇူးရှင် မိခင်/ဖခင်ဖြစ်ကြ၍ မိဘပြည်သူများ တို့အပေါ် ကျေးဇူးဆပ်နိုင်ရန် အစဉ်အမြဲ အလေးထားပြီး ကြိုးပမ်းသွားမည်။
(၄) ပြည်နယ်ဒေသ၌ ကောင်းအတူ၊ ဆိုးအတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ဒုက္ခသုခပေါင်းစုံတို့ကို မျှဝေခံစားကြသော ကျောချင်းကပ်၊ ရင်ချင်းဆက် တိုင်းရင်းသားညီကိုများနှင့် အစဉ်အမြဲလက်တွဲပြီးကျေးဇူးရှင် မိဘပြည်သူတို့၏ “ဘဝ လုံခြုံအေးချမ်းမှု” ကို ကာကွယ်စောင့် ရှောက်သွားမည်။
“လေးစားအပ်ပါသော ကျေးဇူးရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျာ”
မြိုအမျိုးသားဒီမိုကရေစီပါတီ၏လုပ်ငန်း စဉ်များကို တင်ပြပါမည်။ ပါတီ၏ လုပ်ငန်းစဉ်များမှာ -
(၁) မည်သည့်လုပ်ငန်းမဆို အများဆန္ဒနှင့်အညီ ကောင်းမွန်သော နည်းလမ်းကောင်းများကို ရွေးချယ်ပြီး ဘုံရပ်တည်ချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။
(၂) အမျိုးသားရေးအကျိုးကို ရှေးရှုပြီး အပြုသဘောဖြင့် ဝေဖန်ပြောဆိုခြင်း၊ အကြံပြုခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများကို အစဉ်အမြဲ လက်ခံကြိုဆိုသွားပါမည်။
(၃) အမျိုးသားနိုင်ငံရေးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်လှုပ်ရှားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းမဲ့လူငယ်တို့၏ ဘ၀ဒုက္ခကို နည်းလမ်းများ တီထွင်ကြံဆပြီး လူငယ်များဘဝမြှင့်တင်နိုင်ရေး ကြိုးပမ်းသွားပါမည်။
(၄) အခြေခံလူတန်းစားများဖြစ်ကြသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများတို့၏ လူမှုဘဝ အခက်အခဲအကျပ်အတည်း ဒုက္ခများကို ကြိုးပမ်းဖြေရှင်းသွားပါမည်။
(၅) အမျိုးသမီးများအခွင့်အလမ်း၊ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမှ ကာကွယ်စောင့်ရှောက် သွားပါမည်။
(၆) မိဘမဲ့ဆင်းရဲနွမ်းပါးသောကလေးသူငယ်များ ပညာသင်ကြားနိုင်ရေး၊ ကျေးလက်ဒေသနှင့် စာသင် ကျောင်းများ၊ ဆေးပေးခန်းများဖွင့်လှစ်ရရှိနိုင်ရေး ကြိုးပမ်းသွားပါမည်။
(၇) မြိုအမျိုးသားတို့၏ ရာဇဝင် နောက်ခံသမိုင်းအကြောင်းများကို ဖော်ထုတ်ပြီး ယဉ်ကျေးမှုဓလေ့ထုံးစဉ်များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်သွားပါမည်။
နိဂုံးချုပ်အနေဖြင့် မြိုအမျိုးသားဒီမိုကရေစီပါတီ ထူထောင်ရခြင်းဟာ ဗမာတစ်ကျပ်ရရင် မြိုလည်း တစ်ကျပ်ရချင်လို့ မဟုတ်ပါ။ ဒါပေမယ့် (လက်ရှိ အစိုးရအဖွဲ့သမ္မတ)နှင့် (လာမည့် ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အစိုးရ အဖွဲ့ အသစ်သမ္မတ) ကို တောင်းဆိုချင်ပါတယ်။ နှစ်ပေါင်း(၂၀)နီးပါးခန့် မြိုလူမျိုးထဲမှာ ရှင်သန်နေတဲ့ မြို့တိုင်းရင်းသားစာပေကို ရခိုင်ပြည်နယ် အခြေခံပညာရေးကျောင်းတွေမှာ ပြဋ္ဌာန်းခွင့်ပြုပြီး မြိုစာပေ ဆရာ/မ များကို အမြန်ဆုံး ခန့်ထားပေးစေချင်ပါတယ်။
“အားလုံးကိုကျေးဇူးတင်ရှိပါတယ်”