Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ

တောင်ကြီး   စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ရောက်ရှိပြီး ယနေ့နံနက် (၈)နာရီ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံး အစည်းအဝေးခန်းမ၌ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ နှင့် တွေ့ဆုံကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး   ဦးအာကာမင်း မှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး လောက်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ကုန်းကြမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းစိုးတို့မှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် mask(၂၅၀၀)စီနှင့် ငွေသားကျပ် (၁၀)သိန်းစီ ထောက်ပံ့ပေးအပ်ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် လောက်ကိုင်ပြည်သူ့ဆေးရုံ သို့ရောက်ရှိကာ ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်း mask(၂၅၀၀)ခုနှင့် ငွေကျပ်သိန်း(၂၀)၊ လက်အိတ်(၁၀)ဘူးနှင့် ကုန်းကြမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ငွေကျပ်(၁၅) သိန်း၊ ကုန်းကြမ်းမြို့နယ် အတွက် သားအိမ်ခေါင်းကင်ဆာစမ်းသပ်စက်တို့ကို ပေးအပ်လှူဒါန်းပေးရာ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းရွေဟော်-လောက်ကိုင် လမ်းမိုင်(၂၀/၃-၂၁/၂) အတွင်း (၅.၃၉)ဖာလုံအရှည်၊ (၄၀)ပေအကျယ်အား ကတ္တရာကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)