ဘားအံ၊ စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာများ ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေး အင်းအားမြှင့်တင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘားအံတိုင်းရင်းဆေးရုံ (၂)ထပ်လူနာဆောင်နှင့် သံဃာဆောင်တို့အား သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စတီးသံပန်း၊ သံတံခါးများ စနစ်တကျတပ်ဆင်ထားရှိပေးနိုင်ရေးမှာကြားခဲ့ကြောင်း၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ် ၁၉ ပိုးတွေ့အတည်ပြုလူနာ ၁၅ ဦးခန့်ထားနိုင်ပြီး လူနာဦးရေပိုမိုထားရှိနိုင်ရန် ရနိုင်သမျှဆောင်ရွက်နေကြောင်း၊ ဘားအံတိုင်းရင်းဆေးရုံတွင် လူနာ ၅၀ ဦးခန့် ထားရှိနိုင်ကြောင်း၊ ယခုအခါ ကရင်ပြည်နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၇ ဦးရှိပြီး ဘားအံပြည်သူ့ဆေးရုံကြီးတွင် ၅ ဦး၊ တောင်ငူဆေးရုံတွင် ၂ ဦး ဆေးကုမှုခံယူလျက်ရှိရာမှ ကော့ကရိတ်မြို့နယ် မင်းရွာမှတစ်ဦးနှင့် တောင်ငူဆေးရုံမှ ၂ ဦးတို့မှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှဆင်းသွားကြပြီဖြစ်သဖြင့် ကရင်ပြည်နယ်တွင် ဘားအံဆေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော အတည်ပြုလူနာ ၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)