မုံရွာ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်း နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုခရိုင်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးအား ပေး စကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ သူနာပြုနှင့် သားဖွား သင်တန်း ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီဆေးရုံ နေရာတွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရွာသာကြီး-ဝက်လက်-ရှိမ်းမကား (၁)မိုင်ခန့်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံ ငွေဖြင့် ကတ္တရာလမ်း အဆင့်မြှင့်တင် ဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံ ညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရွှေဘိုမြို့ရှိ မြို့ဝင်/ မြို့ထွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် စစ်ဆေးရေဂိတ်တို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များမှ ကူညီဆောင်ရွက်နေသူများအား အားပေးစကားများ ပြောကြား ပြီး လိုအပ်သော ကျန်းမာရေးသုံး N-95 MASK များနှင့် PPE ဝတ်စုံများအား ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)