Skip to main content

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်  စက်တင်ဘာ  ၂၀

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်စည်းရုံးရေးမှူး မညန်းစန်ကျိန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ‌ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

“အားလုံးမင်္ဂလာပါ

ယခုလို ကျွန်တော်တို့ မိခင်ဘာသာစကားဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ နိုင်ငံရေးဟောပြောခွင့် ရတာကတော့  မိမိတို့ အမျိုးသားပါတီဖြင့် ရပ်တည်ခြင်းကြောင့် ဖြစ်ပါတယ်။ ကျေးဇူးတင်ပါကြောင်း။

၁၉၉၀ ခုနှစ်တွင် ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ပါတီအမည်ဖြင့် တစ်ကြိမ်၊ ၂၀၁၅ခုနှစ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီအမည်ဖြင့် ဒုတိယအကြိမ်၊ ယခုတတိယအကြိမ် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (ZCD) ပါတီ အနေဖြင့် (ဇိုမီး) မိခင်ဘာသာစကားဖြင့် ဟောပြောခွင့်ရတာကို ဇိုမီးတိုင်းရင်းသားများ ဂုဏ်ယူဝမ်းမြောက်မည်ဖြစ်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။

ယခင် ZNC (၁၉၉ဝ) မှ ယခု ZCD သို့ နှစ်ပေါင်း (၃၀)ကျော်အတွင်း နိုင်ငံရေးမူဝါဒနှင့် အလံမှာ ပြောင်းလဲခြင်းမရှိသေးပါ။ နှစ်ပေါင်း (၃၀)ကျော်အတွင်း စွဲစွဲမြဲမြဲရပ်တည်ခဲ့သည့် မူဝါဒ (Policy) (၄)ချက် ရှိပါတယ်။

 (၁)  ဘိုးဘွားစဉ်၊ ဌာနေများက ဇိုမီးတိုင်းရင်းသားများ ဖြစ်ကြောင်း မူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး၊

 (၂)  စစ်မှန်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေး၊

 (၃)  လွတ်လပ်ရေး ဈေးကွက်စီးပွားရေးစနစ်၊

 (၄)  ပင်လုံစိတ်ဓာတ်မြှင့်တင်ရေးတို့ (Panglong Spirit) ဖြစ်ကြပါသည်။

မူဝါဒ (၄)ချက် တစ်ခုချင်း ရှင်းပြလိုကြောင်း

(၁) မူဝါဒ (၄)ချက်ပါ အမှတ်စဉ် (၁)အတိုင်း   ဆက်လက်အကောင် အထည်ဖော်ရန်-

ဒုတိယအချက်အနေဖြင့် - စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်လာရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီသည် လူလူချင်းတူညီသည်ဟူသော မူကိုလက်ခံသူတိုင်း  တရားဥပဒေအမြင်တွင် တူညီစေကြောင်း၊ လွတ်လပ်စွာ အသက်ရှင်နိုင်ခွင့်၊   တွေးတောကြံဆတီထွင်ခွင့်၊ ပြောဆိုရေးသားခွင့်၊ စည်းရုံးပိုင်ခွင့်ရှိကြောင်း၊ ဒီမိုကရေစီ အစိုးရသည် ပြည်သူ့ထံမှ ပြည်သူ့ထံသို့ ဆိုသလို၊ ပြည်သူ့အကျိုးအလို့ငှာ ပြည်သူ့ဆန္ဒအရအုပ်ချုပ်ခြင်း (Government of the people by the people and for the people)  သည် ဒီမိုကရေစီအစိုးရသာ ဖြစ်ပါသည်။ သို့သော် ယခု ကျွန်တော်တို့နိုင်ငံတွင်  စစ်မှန်သော ဒီမိုကရေစီအစိုးရ ပီပီပြင်ပြင် မပေါ်လာနိုင်ခြင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဟန့်အတားဖြစ်နေသေးကြောင်း။

တတိယအချက်အနေဖြင့်- မိမိတို့တိုင်းပြည်သည်  သယံဇာတ ပေါကြွယ်သော    နိုင်ငံဖြစ်ခြင်းကြောင့်    အစိုးရ တစ်ခုတည်း၊ ပုဂ္ဂလိကအဖွဲ့အစည်းကုမ္ပဏီတစ်ခုတည်းမှ ကြီးကြပ်ဦးဆောင် လက်ဝါးကြီးအုပ်စိုးမှုမရှိဘဲ အရည်အချင်းနှင့် ပြည့်စုံသော ပြည်သူ ပြည်သားများက လွတ်လပ်စွာ  စူးစမ်းရှာဖွေခွင့်၊ ထုတ်လုပ်ခွင့်၊   ရောင်းဝယ်ဖောက်ကားပြီး  အပြိုင်အဆိုင်  ရောင်းဝယ်ဖောက်ကားကြပါက ပစ္စည်းမှန်၊ ဈေးမှန်၊ အရည်အသွေး ကောင်းမွန်သော ပစ္စည်းများကို ပြည်သူအများ ဝယ်ယူသုံးစွဲနိုင်ခွင့်ရှိလာမည် ဖြစ်ပါကြောင်း။

စတုတ္ထအချက်အနေဖြင့်- တိုင်းရင်းသားများက ဗြိတိသျှနယ်ချဲ့များ မသိမ်းပိုက်မီကာလအချိန်တွင် မိမိတို့ဌာနေ တိုင်းရင်းသားများက ကိုယ့်စော်ဘွား၊ နယ်စား၊ သူကြီး စသဖြင့် ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ဖြင့်သာ အသီးသီးလွတ်လွတ်လပ်လပ်နေထိုင်ကြသော လူမျိုးအသီးသီးဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက    နိုင်ငံတစ်ခုတည်းတွင် အတူတကွလက်တွဲကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ထောင်ကာ ဗြိတိသျှထံ လွတ်လပ်ရေးအတူတူ ယူကြရအောင်ဆိုပြီး ရှမ်းပြည်ပင်လုံတွင် ဇိုမီးခေါင်းဆောင်ကြီးများဖြစ်ကြသော ပူထောင်းဇခုပ်၊ ပူကီးမန်း၊ ပူလှူမုန်းတို့မှ ရှမ်း၊ ကချင် တိုင်းရင်းသားကြီးများမှ သမိုင်းဝင်ပင်လုံစာချုပ်ကြီး ချုပ်ဆိုခဲ့ကြရာမှစပြီး ယခုပြည်ထောင်စုကြီး ပေါ်ထွန်းလာ သည်မှာ မည်သူမျှ မငြင်းနိုင်သော သမိုင်းမိုင်တိုင် တစ်ခုပင်ဖြစ်ပါသည်။

 ဇိုမီးတိုင်းရင်းသားများသည် ပြည်ထောင်စုမြန်မာ့နိုင်ငံရေးတွင် အဓိကအခန်းမှ  ပါဝင်ကြသော    လူမျိုးများ ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီးတည်ထောင်ရာတွင် ပင်လုံစာချုပ်တွင်  လက်မှတ် ရေးထိုးကြသူများဖြစ်သည့် အပြင်၊   ၁၉၄၉    ခုနှစ် ပြည်တွင်းစစ်      ရန်ကုန်အစိုးရဟု     ခေါ်ဆိုသောအချိန် အင်းစိန်တိုက်ပွဲတွင်   ပြည်ထောင်စုကြီးကာကွယ်ဖို့ရာ  အသက်သွေးချောင်းစီး ပေးဆပ်ခဲ့ကြသော ဇိုမီးတိုင်းရင်းသားများ ဖြစ်ကြသည်။

 ZNC ပါတီမှ ZCD  ပါတီသို့

 နှစ်ပေါင်း (၃၀) အတွင်း

 ၁၉၉၀ ခုနှစ်  အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီတစ်ခုဖြစ်ပြီး  နဝတအစိုးရမှ    လွှတ်တော် ခေါ်ယူခြင်းမရှိဘဲ၊ အမျိုးသားညီလာခံ   NC လမ်းကြောင်းဖြင့်သာ ညီလာခံခေါ်ယူ ခဲ့ပါသည်။  ၁၉၉၀  ခုနှစ် ရွေးကောက်ပွဲအကောင်အထည်ဖော်ရေး  လွှတ်တော်ခေါ်ယူရေးတို့အတွက်  အကျပ်အတည်းကာလတွင် တစိုက်မတ်မတ်   မဟာမိတ်ပါတီများနှင့်     လက်တွဲကြကာ ဆက်လက် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါသည်။

၂၀၂၀ အလွန် (၅) နှစ်အတွင်း ဆောင်ရွက်ရန် ရည်ရွယ်ချက်များ

(၁)  တိုင်းရင်းသားများ စာပေ၊ ယဉ်ကျေးမှု လက်တွေ့အကောင်အထည် ဖော်နိုင်ရေး၊

(၂)  မြေယာပိုင်ဆိုင်မှုတွင် ဌာနေတိုင်းရင်းသားများအကျိုးကို  အပြည့်အဝ ကာကွယ်နိုင်ရေး၊

(၃) Federal Democracy ပေါ်ထွန်းရေး၊

(၄)  တစ်နိုင်ငံလုံး ဆင်းရဲမှုလျှော့ချရေး၊

(၅)  ၂၁-ရာစု ပင်လုံငြိမ်းချမ်းရေးကို  ဆက်လက်ကျင်းပကာ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးစနစ် တည်ငြိမ်ရေး၊

(၆)  ၂၁-ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံမှ လက်ခံသဘောတူကြသော (Union Accord) အချက်များ၊ ပြည်ထောင်စုလွှတ်တော်မှ  အတည်ပြုထားသောအချက်များ  ဆောလျင်စွာ   အကောင်အထည်ဖော်နိုင်ရေး၊

(၇) လွန်ခဲ့သော နှစ်ပေါင်း(၃၀) ကြာ စွဲကိုင်ထားသော ပါတီမူဝါဒ (၄)ခုကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း

 ‘‘ဇိုမီးရှေ့သို့ (Zomi Forward)