Skip to main content

ဒုတိယဝန်ကြီး ဦးလှကျော် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေးစနစ်ဖွံ့ဖြိုးရေး၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတက်ရောက်

နေပြည်တော်၊  စက်တင်ဘာ ၁၈

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး (National Food and Agriculture Systems Project-NFASP) ချေးငွေစီမံကိန်း၏ အမျိုးသားအဆင့်စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အစည်း အဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့်စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် NFASP ချေးငွေစီမံကိန်း၏ အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက NFASP စီမံကိန်းအကောင်အထည်ဖော်မည့်အစီအစဉ် ‘‘ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်’’(CERP) အရေးပေါ်ရန်ပုံငွေအတွက် ရန်ပုံငွေလျာထားတောင်းခံ၍ ဆောင်ရွက်နိုင် မည့်အခြေအနေနှင့် သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်မည့် Component 1. A ပါ လုပ်ငန်းဖြစ်သော လယ်ယာသွင်းအားစုများကို ဘောက်ချာစနစ်ဖြင့် ဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ စံသတ်မှတ်ချက်များနှင့်အညီ သီးခြားအကောင့်များဖွင့်လှစ်ခြင်းနှင့် ရန်ပုံငွေများခွဲဝေချထားသတ်မှတ်ခြင်း၊ ပြန်လည်ကောက်ခံခြင်းစိစစ်ရန် လိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးပေးကြစေလိုကြောင်း၊ စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖြည့်စွက်အကြံပြုချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်နည်းလမ်းနှင့်ပုံစံများအား ပြန်လည်ဆွေးနွေးတင်ပြကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်း ချက်များပြည့်မြောက်အောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံ အမယ်စုံ တိုးချဲ့စိုက်ပျိုးလာနိုင်စေရန်နှင့် ရွေးချယ်ထား သော တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက်မှ စိုက်ပျိုးထုတ်ကုန်များ၏ အရည်အသွေးပိုမိုကောင်းမွန်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့်လာစေရေးတို့ကို ရည်မှန်းဆောင်ရွက်သော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေးစနစ်ဖွံ့ဖြိုးရေးချေးငွေစီမံကိန်းကို ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ချေးငွေအမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၅-၂၀၂၆) အထိ ငါးနှစ်ခွဲကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၄ ရက်က ချေးငွေစာချုပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတို့ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစီမံကိန်းအတွက် အမျိုးသားအဆင့် စီမံကိန်းဦးဆောင်ကော်မတီ (NPSC) အဖွဲ့ကို စက်တင်ဘာ ၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယနေ့အစည်းအဝေးကို ပထမအကြိမ်ကျင်းပခြင်း ဖြစ်သည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး (NFASP) ချေးငွေစီမံကိန်း စတင်ညှိနှိုင်းစဉ်က ချေးငွေအမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ကုစားနိုင်ရေးအတွက် ချေးငွေပမာဏ ဒေါ်လာသန်း ၂၀၀ ထိ တိုးမြှင့်ရယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့က အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်