မြင်းမူ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၄) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တိုင်းရင်းဆေး ရုံတွင် ဖွင့်လှစ်ထားရှိသည့် အသွား အလာကန့်သတ် စောင့်ကြည့်နေရာသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင့်စိုးနှင့် တာ ဝန်ရှိသူများက ပေးအပ်ရာ စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးကျော်ဝင်းလှိုင်၊ မြင်းမူမြို့နယ်အုပ်ချုပ် ရေးမှုး ဦးတင်အောင်လွင်နှင့် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင်တို့က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ထောက်ပံ့ပေးအပ်သော ပစ္စည်းများမှာ (PPE) ဝတ်စုံ (၅) စုံ၊ (mask)၂၈၀ ဗူး၊ Face Shield (၅၀) ခု၊ Hand Speaker (၅၀)၊ လက်အိတ်(၁၀)ဗူးနှင့် လက်သန့်ဆေးရည်(၁၀)ဗူးတို့ ဖြစ်ကြောင်း သိရှိရသည်။
ပေးအပ်ပွဲအပြီးတွင် ယင်းတိုင်းရင်းဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြည့်နေရာသို့ ဝင်ရောက် လျက်ရှိသည့် ပြည်တွင်း/ပြည်ပပြန် ဒေသခံပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)