Skip to main content

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Conferencing အခမ်းအနား ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၇

ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယခုလတ်တလောဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါအခြေအနေများကြောင့် ယခင်နှစ်များကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ခြင်းမပြုတော့ဘဲ Video Conferencing စနစ်ဖြင့် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့် မိန့်ခွန်းပြောကြားပြီး ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗွီဒီယိုကလစ်အား ပြသခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့် က “အိုဇုန်းလွှာ ပျက်စီးစေသော အကြောင်းအရာများနှင့် ထိန်းသိမ်းကာကွယ်ရေး” အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ Video Conferencing ဖြင့် ကျင်းပသည့် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားနှင့် အင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး နှင့် ပြည်နယ်/ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)