Skip to main content

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည် တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၆

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဒီမိုကရေစီမျှော်လင့်ချက် ပြည်သူ့အတွက် NDF

အမျိုးသားဒီမိုကရေစီအင်အားစု

အမျိုးသားဒီမိုကရေစီအင်အားစု

အမျိုးသားဒီမိုကရေစီအင်အားစု

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ခရီးရှည်ချီတက်မည်

ရွှေခမောက်ဆောင်းသော တိုင်းရင်းအောင်နိမိတ် ပေါ်ထွန်းမည်

ပညာလူမှုစီးပွား မြှင့်တင်စေပါမည်

သာယာမည် မြန်မာပြည် ရာဇဝင်တွင်မည်

ပြည်ထောင်စုဘွား တိုင်းရင်းသားတို့ပြည်။

ဒီမိုကရေစီအောင်လံ လွှင့်ထူ မမှိတ်သုန်ဆောင်ရွက်မည်

ပြည်သူနဲ့ တစ်သွေးတစ်သားတည်း သစ္စာတရားတည်

မြန်မာပြည်အပြောင်းအလဲအတွက် ခမောက်ကိုယုံကြည်သည်

ရာဇဝင်မှာ စာတင်မည်

ဒီမိုကရေစီနိုင်ငံတော်သစ် မုချဖြစ်ရမည်

သမိုင်းသစ်ကို ပြောင်းလဲမည် ခမောက်တို့ပြန်လာပြီ

လွတ်လပ်မည် မျှတမည် အခွင့်အရေးသာတူညီ

ပြည်သူကို ကတိပေးထားသည်

ဒီမိုကရေစီကို ကူးပြောင်းရမည်

ခေတ်သစ်ဆီ တရားနဲ့အညီ ခမောက်ရှိနေပါသည်။

ရဲရင့်သည် ရှေ့သို့ချီ လူထုအတွက် ရင်ဆိုင်မည်

ဒီမိုကရေစီမျှော်လင့်ချက် ပြည်သူ့အတွက် NDF

လေးစားအပ်တဲ့မဲဆန္ဒရှင် ပြည်သူများခင်ဗျား -

ကျွန်တော်ကတော့ ဦးခင်မောင်ဆွေပါ။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁ဝဝ ကျော်လောက် ယှဉ်ပြိုင်သွားပါမယ်။ နိုင်ငံရေးဆယ်နှစ်တာခရီးရဲ့ ပထမငါးနှစ်တာကာလမှာ လွှတ်တော်ထဲ ကနေ ပြည်သူ့အကျိုးကို စွမ်းစွမ်း တမံဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကျန်ငါးနှစ်မှာတော့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ မျက်ခြည်မပြတ် စောင့်ကြည့် ဆောင်ရွက်ခဲ့ပါတယ်။ စားဝတ်နေရေး မပြည့်စုံမှုဆိုတဲ့ လူမှုဒုက္ခတွေ ရှိနေသမျှ လူမှုလွတ်လပ်ခွင့်တွေကို မရနိုင်ဘူးလို့ ကျွန်တော်တို့ပါတီက ယုံကြည်တယ်။ ဒါကြောင့် အဲ့ဒီလူမှု ဒုက္ခတွေကို မပယ်ရှားသမျှ ဒီမိုကရေစီ လူ့ဘောင်ကိုမရောက်နိုင်ဘူးဆိုတဲ့ လူမှုအခြေပြုလွတ်လပ်ခွင့်ဝါဒကို ကိုင်စွဲ ထားပါတယ်။ စီးပွားရေးဘက်မှာတော့ တန်းတူညီမျှ စီးပွားရေးဘဝတွေ ဖြစ်လာအောင် ဈေးကွက် အခြေခံရောပြွမ်း စီးပွားရေးစနစ်နဲ့ သွားပါမယ်။ ဒါမှသာ လက်တစ်ဆုပ်စာ ချမ်းသာတဲ့ သူတွေသာမက ဆင်းရဲ တဲ့ အခြေခံလူတန်းစား အများစုကြီးကိုပါ ဘဝအာမခံချက်တွေ တစ်ပြေးညီ ရရှိစေဖို့ ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

အခုအချိန်မှာ မြန်မာ့နိုင်ငံရေးလိုအပ်ချက်တွေဟာ ပြောင်းခဲ့ပါပြီ။ ဒီမိုကရေစီလူ့ဘောင်ကို အရောက်သွားရေးသာမက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်ရေးဟာ အဓိကနိုင်ငံရေး လိုအပ်ချက်ကြီး ဖြစ်လာပါတယ်။

ဒီနေရာမှာ စီးပွားရေးနဲ့နိုင်ငံရေး ဒွန်တွဲနေတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် NDFပါတီဟာ စားဝတ်နေရေး အစရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေးဘဝ တိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားပါ့မယ်။ ဒီလိုဆောင်ရွက် တဲ့နေရာမှာ ကျေးလက်ပြည်သူအများစုကြီးရဲ့ အသက် မွေးဝမ်းကျောင်း ဖြစ်တဲ့ စိုက်ပျိုးစီးပွားကို အဓိကထားပါမယ်။ ဒါကြောင့်မို့ ဒီနိုင်ငံမှာ ခေတ်မီ နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို တွန်းအားပေးပြီး ထိပ်တန်းဆန်တင်ပို့နိုင်ငံ အဖြစ်ရောက် အောင်လုပ်ရပါမယ်။ ဒါကြောင့်-

၁။ စိုက်ပျိုးစီးပွား တိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားရပါမယ်။

၂။ မြန်မာပြည်မြောက်ပိုင်း ရေခဲဖုံးလွှမ်းရာဒေသနဲ့ မြန်မာပြည်တောင်ပိုင်း အမြဲစိမ်း သစ်တော များဖုံးလွှမ်းရာ ကျွန်းစုတွေမှာ သဘာဝခရီးသွားလုပ်ငန်း နယ်မြေတွေအဖြစ် ထူထောင်သွား ရပါမယ်။

၃။ စက်မှုလယ်ယာနဲ့ ဘက်စုံသုံးစက်ယန္တရားတွေကို ပြည်တွင်းမှာပဲ ဖက်စပ်ထုတ်လုပ်ပြီး အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းတွေ မြှင့်တင်ရေးကိုလည်း ဆောင်ရွက်သွားရပါမယ်။ NDFပါတီဟာ လွှတ်တော်ထဲ ရောက်ရင် စိုက်ပျိုးရေး၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍကြီး သုံးရပ်ကို GDP အချိုးအစား အလိုက် ချိန်ညှိပြီးတော့ တိုးတက်ရေးအတွက် ဆွေးနွေးတင်ပြသွားပါ့မယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ကျွန်တော်တို့ NDF ပါတီဟာ ပြည်သူထံပါးက ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ အလုပ်သမားတွေ ဘဝအာမခံ ချက်မရှိတာကို လက်ပိုက်ကြည့်နေ မယ့် ပါတီမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်သမားတွေဘက်က ရပ်တည်ပြီး ဥပဒေတွေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။

ဥပမာပြောရရင်-

  • အလုပ်သမားတွေ အလုပ်ခွင်မှ ရပ်နားခံရတဲ့အခါ လူမှုဖူလုံရေးဥပဒေနဲ့ အညီ လုပ်ခလစာ ခံစားခွင့် ရှိစေရမယ်။
  • လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရပါက ဥပဒေအကာအကွယ်နဲ့ နစ်နာ ကြေးပါ ရရှိစေရမယ်။
  • လုပ်သားများရဲ့ ဘဝအာမခံချက်ရှိစေဖို့ အလုပ်ရုံ၊ စက်ရုံများ ရေရှည်လည်ပတ်နိုင်ရေး အလေးထားပါမယ်။ ဒါကြောင့် နောင်ပေါ်လာမယ့် စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးကို NDF ပါတီက ရည်ရွယ်ပြီး ပြောကြားရခြင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

NDF ပါတီဟာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားပါတယ်။ ဒါကြောင့် ပြည်သူအားလုံးရဲ့ စီးပွားရေးဘ၀ တိုးတက်ရေးကို နိုင်ငံရေးတာဝန်အဖြစ် ခံယူတယ်။ ပြည်သူကို လယ်စိုက်ကျွေးပြီး နိုင်ငံ့ဘဏ္ဍာရှာပေးနေတဲ့ လယ်သမားတွေကို လျစ်လျူရှုမထားနိုင်ပါဘူး။

ဒါကြောင့် -

  • သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေးနဲ့ မြေလွတ်မြေရိုင်း ခုတ်ထွင် စိုက်ပျိုးသူတွေ အပါအဝင် ဘိုးစဉ်ဘောင်ဆက် လယ်လုပ်သူ နိုင်ငံသားမှန်သမျှ ဂရန်စနစ်နဲ့ လယ်ပိုင်စေ ရမယ်။
  •  စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ရရှိစေဖို့နဲ့ သဘာဝဘေး စစ်ဘေးကြောင့် လက်ငုတ် လက်ရင်း ပျောက်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ခြင်းကို ကင်းလွတ်ခွင့် ပြုစေရမယ်။
  • အကြွေးနွံနစ်ပြီး နာလန်မထူနိုင်ဖြစ်နေတဲ့ လယ်သမားတွေကို စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ဖို့ (၂)နှစ်တိတိ ဆိုင်းငံ့ပေးစေရမယ်။ ဒါကြောင့် နိုင်ငံတကာကပေးတဲ့ စိုက်ပျိုးရေး ချေးငွေကို လယ်ယာကဏ္ဍကို တိုက်ရိုက်ရောက်ရှိရေး တောင်းဆိုပေးမယ်။
  • ဆန်စပါးတင်ပို့ရာမှာ ကြားခံအဆင့်တွေ လျှော့ချပြီး ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက် တိုက်ရိုက်ချိတ်ဆက်ရေးအပြင် ဈေးကွက်အသစ်ရှာဖွေရေးတွေကိုပါ လွှတ်တော်ထဲမှာ ဆွေးနွေးသွားဖို့ ကတိပြုပါတယ်။

မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ NDF ပါတီကတော့ ပြည်သူထံပါးက ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူးဆိုတဲ့ အတိုင်း ပြည်သူ့အပေါ် နိုင်ငံရေးသစ္စာတည်မှာ ဖြစ်ပါတယ်။ ဒါကြောင့် NDF ပါတီအနေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝတွေ တိုးတက်စေဖို့ စားဝတ်နေရေး ပြေလည်ရေးကို နံပါတ် တစ်ထားပါမယ်။ လူမျိုးတွေရဲ့ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာတွေကို အလေးထားစောင့်ရှောက်နိုင် ရပါမယ်။ ဒါကြောင့် တိုင်းချစ်ပြည်ချစ်၊ နိုင်ငံချစ်စိတ်တို့ရဲ့ အခြေတည်ရာ ပြည်ထောင်စုမြန်မာနိုင်ငံသား အမျိုးသားရေးစိတ်ဓာတ် ဖွံ့ထွားရှင်သန်နိုင်ရေး ကို နံပါတ်(၂)ထားပါမယ်။ နံပါတ် (၃)အနေနဲ့ကတော့ အချုပ်အခြာ အာဏာတည်တံ့ရေးကို တတိယထား ရပ်တည်မှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ အမျိုးသား အကျိုးစီးပွားကို ထိပါးမခံရရေးဖြစ်လို့ပါပဲ။ ဒီလို ပြည်သူ့အပေါ် နိုင်ငံရေးသစ္စာတည်တဲ့ NDF ဟာ လွှတ်တော်တွေထဲ ရောက်ရင်လည်း ပြည်သူ့မျက်နှာတစ်ချက် အညှိုးခံမယ့်ပါတီမျိုးလား။ ဘယ်တော့မှ အညှိုးခံမှာ မဟုတ်ပါဘူးဆိုတာကို ရဲရဲကြီး ကတိပေးရင်း နိဂုံးချုပ်ပါတယ်။

ခမောက်ကိုဆောင်း ပြောင်းကို ပြောင်းရမည်။

NDF ကို မဲပေးကြစို့

ပြည်သူများရှေ့လှမ်းခဲ့ပြီ NDF ပါတီ

အများအတွက်ရည်စူး ရှေ့သို့ချီ ညီစေခမောက်ပါတီ

ပြည်သူများအတွက် အစဉ်ရပ်တည် NDF ဖြစ်သည်

ညီနောင်သားချင်းများနဲ့အတူ လက်တွဲလို့ညီညီ

အမျိုးသားရေးကို ထမ်းရွက်မည် ဒီမိုကရေစီနဲ့အညီ

ပြည်ထောင်စုအတွက် အမှန်ဖြစ်သည် ညီညာကြိုးစားမည်

NDF အမျိုးသားဒီမိုကရေစီအင်အားစု

ပြည်သူ့အတွက် အရှေ့ကကာကွယ် အစဉ်ရပ်မယ်

သတိပေး အကျိုးများဆောင်ပါ ပြည်သူ့အရေး

ညီညွတ်မည် တိုင်းရင်းသားစုံညီ အောင်ရမည်

NDF NDF NDF NDF

NDF ကို မဲပေးကြစို့

ပြည်သူများရှေ့လှမ်းခဲ့ပြီ NDF ပါတီ

အများအတွက်ရည်စူး ရှေ့သို့ချီ ညီစေခမောက်ပါတီ

ပြည်သူများအတွက် အစဉ်ရပ်တည် NDF ဖြစ်သည်

ပြည်သူများရဲ့ရှေ့မှအတည် လက်တွဲလို့ညီညီ

ကောင်းကျိုးသယ်ပိုး ထမ်းရွက်မည် NDF ပါတီ

ပြည်သူများနဲ့လက်တွဲမည် ညီစေ ရှေ့သို့ချီ

NDF အမျိုးသားဒီမိုကရေစီအင်အားစု

ပြည်သူ့အတွက် အရှေ့ကကာကွယ် အစဉ်ရပ်မယ်

ပြည်သူအကြား မွေးဖွားလာသည် ခမောက်ပါတီ

အစဉ်ရပ်တည် ပြည်သူဘက်မှာအမြဲရှိသည်

NDF NDF NDF NDF

NDF ကို မဲပေးကြစို့