နေပြည်တော်၊ စက်တင်ဘာ ၁၁
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးမျိုးညွန့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါ သည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသောမြန်မာပြည်ထောင်စုနိုင်ငံသားများခင်ဗျာ
ကျွန်တော်ကတော့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးမျိုးညွန့် ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးက မဲဆန္ဒရှင် များအပါအဝင် ပြည်ထောင်စုနိုင်ငံသားများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မဲဆန္ဒရှင်လူထုကြီးခင်ဗျာ ရသမျှအချိန်ကလေးအတွင်းမှာ အခုဟောပြောမှုကို အပိုင်း (၅) ပိုင်းခွဲပြီး ရှင်းလင်းတင်ဆက်ပါမယ်။
ကျွန်တော်တို့ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ” ပေါ်ပေါက်ဖွံ့ဖြိုးလာပုံ ကျွန်တော်တို့ပါတီ ကိုင်စွဲထားတဲ့ သဘောတရား၊ လမ်းစဉ်၊ လုပ်ငန်းစဉ် ကျွန်တော်တို့ပါတီ ခုလာမယ့် ရွေးကောက်ပွဲအပေါ် သဘောထား၊ အဲဒီ သဘောထားအရ ရွေးကောက်ပွဲထဲ ပါဝင်ဖြတ်သန်းမှု မဲဆန္ဒရှင်လူထုကြီး၏ ဆုံးဖြတ်ပိုင်ခွင့် မဲဆန္ဒရှင် လူထုကြီးအား ပန်ကြားချက်ဆိုတဲ့အပိုင်း (၅) ပိုင်းဖြစ်ပါတယ်။
ရှေးဦးစွာ ကျွန်တော်တို့ပါတီ ပေါ်ပေါက်ဖွံ့ဖြိုးလာပုံကို တင်ပြပါမယ်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဟာ ၁၉၈၈ခု ဩဂုတ်လနှောင်းပိုင်းမှာ လွတ်လပ်တဲ့ပြည်ထောင်စုမြန်မာ နိုင်ငံတော်ရဲ့ ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ် ဆဋ္ဌသံဂါယနာ ပဓာနနာယကလည်းဖြစ်သူ ဦးနုက နာယကအဖြစ် တာဝန်ယူ ကြီးမှူးတည်ထောင်ခဲ့တဲ့ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်”ကို ၂၀၁၀ ပြည့်နှစ်၊ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မယ့် အခင်းအကျင်းအဖြစ်“ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ” ရယ်လို့ အမည်ပေးဆက်ခံပြောင်းလဲဖွဲ့စည်းခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
“ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ”ဟာ ၁၉၈၈ ခုနှစ်ကပင် နာယကကြီး ဦးနု ချခင်းခဲ့တဲ့ ဗြဟ္မစိုရ်တရားသဘောတရားနှင့် အဲဒီဝါဒအပေါ်အခြေခံတဲ့ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် တည်ဆောက်ရေးအခြေခံအဖြစ် မမှိတ်မသုန် ယုံကြည်လက်ခံ မြဲမြံကိုင်စွဲထား သူ ကျွန်တော်တို့ဟာ အခက်အခဲပေါင်းစုံကြားကနေ ရဲရင့်ခိုင်မာတဲ့ ဒီမိုကရေစီ သတ္တိဇွဲနဲ့ ဗြဟ္မစိုရ်တရားတွေကို လက်ကိုင်ထားပြီး ဝိုင်းဝန်းကြိုးပမ်း တည်ဆောက် ပေါ်ပေါက်လာခဲ့တဲ့ပါတီဖြစ်ပါတယ်။
မဲဆန္ဒရှင်လူထုကြီးခင်ဗျာ...
အတိတ်ကိုနည်းနည်း ပြန်ဆောင်ပြပါရစေ...
၁၉၉၀ ပြည့်နှစ်များ စောစောပိုင်းမှာ ကျွန်တော်တို့ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်” ဟာ အခြားပါတီ (၉၀) ကျော်နှင့်အတူ ဖျက်သိမ်းခံခဲ့ ရပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်ရောက်တဲ့အခါ နိုင်ငံရေးအခြေအနေ အပြောင်းအလဲပေးအပ်လာမှုအပေါ်မှာ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ” ရယ်လို့ ပြန်လည်ဖော်ထုတ်ဖွဲ့စည်းနိုင်လာခဲ့တာပါ။ ဒီလိုနဲ့ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်”မှသည်“ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ”အထိ လျှောက်လှမ်းခဲ့တဲ့ နှစ်(၃၀)ကျော်ခရီးဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ဘဲ ခလုတ် တံသင်း ကုန်းကျင်းချိုင့်ဝှမ်းဆူးတောလွှမ်းတဲ့ ခရီးကြမ်းကြီးကိုဖြတ်ရင်း ထုသားပေသားကျလာတဲ့ပါတီ ဖြစ်ပါတယ်။ ဗြဟ္မစိုရ်တရားအခြေပြု ဒီမိုကရေစီဝါဒနဲ့စနစ်ကို မြန်မာရော ကမ္ဘာမှာပါ ပြန့်ပွားအောင် ဆောင်ရွက်ရေး သမိုင်း တမန်တော်အလုပ် (Historical Mission) ကို လုံ့လပြုဆောင်ရွက်လာတဲ့ပါတီတစ်ရပ်လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီကိုင်စွဲထားတဲ့ “ဗြဟ္မစိုရ်တရားအပေါ် အခြေခံသော ဒီမိုကရေစီဝါဒ” ဆိုတာကို ရှင်းပြလိုပါတယ်။
ဗြဟ္မစိုရ်တရားဟာ အများသိကြတဲ့အတိုင်း သတ္တဝါအားလုံးအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ တရားမြတ်ဖြစ်ပြီး ဒီတရားကိုယ် အခြေခံအပေါ် သဘောပေါက်၊ နားလည်၊ ယုံကြည်၊ ခံယူ၊လောကီမှုပြု၊ လိုက်နာ ကျင့်သုံးမှု အားကောင်းအားသာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာသာ ဒီမိုကရေစီ ဝါဒ၊ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအဆောက်အအုံ၊ ဒီမိုကရေစီအဖွဲ့အစည်း၊ ဒီမိုကရေစီကျင့်စဉ်တွေ အမြစ်တွယ်၊ ခိုင်မာ၊ ရေရှည်တည်တံ့နိုင်တယ်ဆိုတဲ့ သဘောတရားအမြင် ဖြစ်ပါတယ်။
ဗြဟ္မစိုရ်တရားဆိုတာ ဗုဒ္ဓဘာသာနှင့်သာ သက်ဆိုင်တယ်လို့ အချို့က ထင်မြင်ယူဆနေကြတဲ့ အမြင်ဟာ မမှန်ပါ။ စင်စစ်မှာ ဗြဟ္မစိုရ်တရားဟာ မည်သည့်ဘာသာ၊ သာသနာဝင်၊ မည်သည့်လူမျိုး၊ မည်သည့်အဆင့်အတန်းရှိသူနှင့်မဆို သက်ဆိုင်တဲ့ကျင့်ကြံရမယ့် လူသားဝါဒသာဖြစ်ပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်မယ်ဆိုရင် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ အထိ ဗဟိုအာဏာနဲ့အုပ်ချုပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်မျိုးများအောက်မှာ ရာစုနှစ်ဝက်နီးပါး ဖြတ်သန်းလာခဲ့ရတဲ့ လူ့အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းမျိုးမှာ လူ့အခြေခံအကျင့်သီလ အကြီးအကျယ် ပျက်ပြားနေတာ သဘာဝလည်းကျ အဆန်းတကြယ်လည်း မဟုတ်ပါ။ သီလနည်း လူ့အဖွဲ့အစည်းမျိုးမှာ ဒီမိုကရေစီဝါဒနှင့်စနစ်ဟာ အမြစ်တွယ်ခိုင်မာနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဝါဒနှင့် စနစ်ပြန် လည်တည်ဆောက်လိုကြတယ်ဆိုရင် ဒီမိုကရေစီသက်သက်မျှနှင့်တော့ မပြည့်စုံနိုင်၊ ဗြဟ္မစိုရ်အကျင့်သီလ အခြေခံပေါ်မှာ ဘာသာ၊ လူမျိုး၊ ဆင်းရဲချမ်းသာမရွေး ပြည်ထောင်စုနိုင်ငံသားများအားလုံးက အချိန်ယူညီညွတ်ဝိုင်းဝန်း တည်ဆောက်ကြပါမှ ပြည့်စုံအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီဟာ ‘ဗြဟ္မစိုရ်တရားအခြေခံသော ဒီမိုကရေစီဝါဒ’ကို မြဲမြံကိုင်စွဲထားတာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာပဲ ပါတီရဲ့ “လက်စားမချေ သင်ပုန်းချေဆိုတဲ့ ‘ချေ’နှစ်‘ချေ’”လမ်းစဉ်၊ ဒီလမ်းစဉ်အပေါ်အခြေခံတဲ့ ပြည်ထောင်စုတစ်ဝန်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ချခင်းထားပါတယ်။
မဲဆန္ဒရှင်လူထုကြီးခင်ဗျာ...
“လက်စားမချေ သင်ပုန်းချေဆိုတဲ့ ‘ချေ’နှစ်‘ချေ’”လမ်းစဉ်ကို အနည်းငယ် ရှင်းပြပါရစေ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးကွဲလွဲမှုတွေကို အကြမ်းဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းဖို့ကြိုးစားရင်း ဖြစ်ပွားလာခဲ့ ဖြစ်ပွားနေဆဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခစစ်ပွဲကြီးတွေရပ်စဲဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် အဲဒီစစ်ပွဲကြီးတွေထဲမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပါဝင်ပတ်သက်နေတဲ့ မြန်မာ့တပ်မတော်အပါ အဝင် နိုင်ငံရေးအင်အားစုအားလုံး၊ တစ်နည်းဆိုရရင် မြေပေါ်မြေအောက် လက်နက်ကိုင်လက်နက်မဲ့၊ ဥပဒေတွင်း ဥပဒေပ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ အစုအစည်း၊ ပုဂ္ဂိုလ်တွေအားလုံးဟာ တစ်ပါတီနှင့်တစ်ပါတီ အင်အားစုတစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦးအပေါ် အတိတ်မှာ ကျူးလွန်ခဲ့တာတွေအားလုံးကို အလုံးစုံသင်ပုန်းချေပြီး အငြိုးအတေးထား လက်စားချေတာမျိုး၊ ကံသုံးပါးစလုံးနှင့် မလုပ်တော့ဘူးလို့ သန္နိဋ္ဌာန်ချရှောင်ကြဉ်ဖို့ လမ်းစဉ်ပါပဲ။ ဒီလမ်းစဉ်ကို ပါဝင်ပတ်သက်သူအားလုံးဟာ ယုံယုံကြည်ကြည်၊ ရိုးရိုးသားသား ကိုင်စွဲအကောင်အထည်ဖော်မှသာ ပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်၊ ဒီငြိမ်းချမ်းရေးမျိုးသာ ပြည်ထောင်စုတစ်ဝန်း ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာ ထာဝစဉ်ရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီငြိမ်းချမ်းရေးမျိုး တည်ရှိတဲ့ လူ့အဖွဲ့အစည်းမှာသာ တစ်နည်းဆိုရရင် ဗြဟ္မစိုရ်တရားလေးပါး ထွန်းကားတဲ့၊ တည်ငြိမ်စီးပွားဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းမှာသာ ဒီမိုကရေစီဝါဒနဲ့စနစ် တည်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီက ခုရှင်းပြခဲ့တဲ့ “ချေ နှစ် ချေ” အထွေထွေလမ်းစဉ်ကို ချခင်းထားခြင်း ဖြစ်ပါတယ်။
ဒီလမ်းစဉ်အခင်းအကျင်းပေါ်မှာ ကျွန်တော်တို့ပါတီရဲ့ လုပ်ငန်းစဉ်တွေကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်-
(၁) ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ ကျွန်တော်တို့ပါတီက ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဘဝသစ်တည်ထောင်ရေး လုံ့လပြုလှုံ့ဆော်ခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာ ဒီစဉ်က တည်ရှိခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ဦးစီးကျင်းပခဲ့ရာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလုပ်ငန်းကို ၂၀၁၅ အလွန် ပေါ်ပေါက်လာမယ့် ပြည်ထောင်စုအစိုးရက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး လှုံ့ဆော်ခဲ့သလို၊ အခုလည်း ၂၀၂၀ အလွန် ပေါ်ပေါက်လာမယ့် ပြည်ထောင်စုအစိုးရက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာ့တပ်မတော်နှင့် သဟဇာတဖြစ်စွာလက်တွဲလျက် တည်ကြည်ရိုးသားစိတ်ရှည်ဇွဲရှိ သည်းခံအောင်မြင်အောင် ဆောင်ရွက်ရာမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရေး။
(၂) ယခုလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ် သောင်မတင်ရေမကျ၊ ဒီမိုကရေစီနိုင်ငံရေးဘဝ မပီပြင်လှသေးတဲ့အခြေအနေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းဝေးဆဲ အနေအထားတွေကနေ တည်ငြိမ်၊ ငြိမ်းချမ်း၊ စီးပွားဖွံ့ဖြိုးတဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ် မြန်မာ့လူ့အဖွဲ့ အစည်းမှာ ဖြစ်တည်လာရေး။
(၃) ဒီလိုဖြစ်တည်လာရေး ကြိုးပမ်းတည်ဆောက်နေစဉ်မှာပင် ခေတ်နောက်ကျ မြေယာစီးပွားရေးပေါ်သာ အခြေပြုနေရလို့ တစ်မျိုးသားလုံး၊ ပြည်ထောင်စုတစ်ခုလုံး နွမ်းပါးဆင်းရဲ ခေတ်နောက်ကျနေရတဲ့ လက်ရှိ အခြေအနေက လွတ်မြောက်ပြီး ‘မြေခ’ မပါတဲ့ ခေတ်သစ်မြေယာ လူ့အဖွဲ့အစည်းစီးပွားရေးနဲ့ စက်မှုဖွံ့ဖြိုး ဝေဆာစည်ပင်တဲ့ ပြည်ထောင်စုစီးပွားမြှင့်တင်ရေး။
(၄) အဲဒီအမျိုးသားစီးပွားရေး၊ ပြည်ထောင်စုစီးပွားရေး ဘဝကြီးတစ်ခုလုံးကို တည်ဆောက်နေစဉ်မှာပင် ဒါရဲ့ လက်အောက်ခံဖြစ်တဲ့ ဒီမိုကရေစီ လည်းကျ၊ ထင်သာမြင်သာလည်းရှိတဲ့ စီမံခန့်ခွဲရေးဘဝ၊ တရားစီရင်ရေး ဘဝ၊ ဒီမိုကရေစီပညာရေးဘဝ၊ ကျန်းမာရေးဘဝ၊ လူမှုရေးဘဝများကို ဟန်ချက်ညီမြှင့်တင်ပေးနေရေး။
(၅) မြန်မာ့နိုင်ငံရေးဘဝထဲမှာ အကြောင်းကြောင်းကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ကျင် လည်နေရတဲ့ မြန်မာ့တပ်မတော်နိုင်ငံရေးတာဝန်နဲ့ နိုင်ငံတော်ကာကွယ်ရေးစစ်ရေးတာဝန်၊ တာဝန်နှစ်ထပ် ထမ်းနေရလို့ ပင်ပန်းလှပြီဖြစ်တဲ့ မြန်မာ့တပ်မတော်ကို နိုင်ငံရေး အင်အားစုများက သူ့ဆီက နိုင်ငံရေးတာဝန် လွှဲပြောင်းတာဝန်ယူ ထမ်းဆောင်ပြီး သူ့ကိုတာဝန်ပေါ့သွားအောင် တစ်စတစ်စကြိုးပမ်းသွားရေး၊ ဒီလိုကြိုး ပမ်းလုံ့လပြုရာမှာ မြန်မာ့သမိုင်းကြောင်းအရရော၊ တည်ဆဲအင်အားကြီး ကမ္ဘာ့နိုင်ငံကြီးများရဲ့ သူရှုံးကိုယ်နိုင်အားပြိုင်မှု ပထဝီနိုင်ငံရေးတွန်းအားတွေကိုပါ ထည့်သွင်းစဉ်းစားကာ သူ့ပခုံးထက်က နိုင်ငံရေးတာဝန်ကို လျောက်ပတ်သည့် ကာလတစ်ခုအထိ အားနာစွာနဲ့ပဲ ဆက်လက်သယ်ပိုးသွားစေပြီး မနှေးလွန်းမမြန်လွန်း လွှဲပြောင်းရယူသွားရေး။
(၆) ဘာသာရေး၊ လူမျိုးရေးကျဉ်းမြောင်း အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းအင်အားစုများရဲ့ ပြည် ထောင်စုနယ်မြေ ဖဲ့ယူရေးကြိုးပမ်းမှု အန္တရာယ်၊ အဲဒီအကြမ်းဖက် အင်အားစုတွေကို နည်းလမ်းပေါင်းစုံနှင့် ထောက်ပံ့အားပေး မွေးမြူရှင်သန်နေစေတဲ့ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ အန္တရာယ်တို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်ထောင်စုနိုင်ငံသားများအားလုံးနှင့် အတူလက်တွဲ ဆန့်ကျင်တိုက်ဖျက်သွားရေး။ ဆိုတဲ့ ပြည်ထောင်စုရေးတာဝန်ကြီးများကို ထမ်းဆောင်အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ်ထားပါတယ်။
မဲဆန္ဒရှင်လူထုကြီးခင်ဗျာ...
အထက်တွင်ဆိုခဲ့ပါ သဘောတရား၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေကို ယုံကြည်ချခင်းဆောင်ရွက်သွားမယ့် ကျွန်တော်တို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီအနေနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပါဝင်ဖြတ်သန်းမှုကို တင်ပြပါမယ်။
ကျွန်တော်တို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ တင်းကျပ်ပြည့်မဟုတ်ဘဲ မြန်မာ့နိုင်ငံရေးသမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်ဖြစ်တည်နေတဲ့ ဖွဲ့စည်းပုံတစ်ခုလို့ပဲ ရိုးရှင်းစွာမြင်ပါတယ်။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံကို ကျောရိုးပြုကျင်းပခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီပန်းတိုင်၊ ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်တို့သို့သွားရာ ပြည်ထောင်စုဝင်လူမျိုးများအားလုံး မလွှဲမရှောင်သာဖြတ်သန်းလာခဲ့ရတဲ့ မှတ်တိုင်ကြီးများသာဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ထို့အတူ ယခု ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲဟာလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်ဆီ ဆက်လက်လျှောက်လှမ်းရဦးမယ့် ခရီးကြမ်းကြီးပေါ်က ဖြတ်သန်းရမယ့် မှတ်တိုင်တစ်တိုင်သာလို့ ရှုမြင်ယုံကြည်ပါတယ်။ အဲဒီရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမယ့် ပြည်ထောင်စုအစိုးရဟာ လည်း အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်သာ ဖြစ်ပါမယ်။
ဒါ့အပြင် ပြည်ထောင်စုတစ်ခုလုံးအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ အခြေအနေအရပ်ရပ်များအရ လည်းကောင်း၊ မိမိတို့ ပါတီရဲ့ ဘဏ္ဍာရေး၊ စည်းရုံးရေးနဲ့ အဓိကရည်မှန်းလုပ်ဆောင်နေတဲ့ သမိုင်းတမန်တော်အလုပ် (Historical Mission) အရလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၂) နယ်နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မဲဆန္ဒနယ် (၁) နယ်၊ စုစုပေါင်းမဲဆန္ဒနယ် (၃) နယ်မှာသာ ကျွန်တော်တို့ပါတီ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်လူထုကြီးခင်ဗျာ...
လူထုကြီးရဲ့ဆုံးဖြတ်ပိုင်ခွင့်နဲ့စပ်လျဉ်းလို့ ဆက်လက်အစီရင်ခံပါမယ်။
ကျွန်တော်တို့ပါတီဟာ-
− အောက်ပါနိုင်ငံရေးလောကပါလတရားလေးပါးကို ယုံကြည်ပါတယ်။
(က) လူထုတွေမပါဘဲ ဘာမျှမလုပ်နိုင်။
(ခ) ရွေးကောက်ပွဲတွေမပါဘဲ ဘာမျှမလုပ်နိုင်။
(ဂ) လူထုတွေကို ရွေးကောက်ပွဲမှတစ်ဆင့် သင့်မြတ်တဲ့နည်းလမ်းတွေနဲ့ သူတို့ကိုယ်စားလှယ်တွေ ရွေးချယ်ခွင့် ဖွင့်ပေးရမယ်။
(ဃ) ဒီလိုမှဖွင့်မပေးရင် လူထုတွေဟာ သူတို့ဘာသာသူတို့ ကင်းလွတ်စွာ ရွေးချယ်သွားကြလိမ့်မယ် ဆိုတာတွေပါပဲ။
လာမည့် ရွေးကောက်ပွဲမှာ လူထုတွေကို သူတို့ကိုယ်စားလှယ်တွေ ရွေးချယ်ခွင့်ပေးရာမှာ သင့်မြတ်လျော် ကန်တဲ့ တရားမျှတလွတ်လပ်မြင်သာတဲ့နည်းလမ်းတွေ ပြည့်ပြည့်စုံစုံ ဖွင့်ပေးခြင်းသည်သာဆိုခဲ့ပါ နိုင်ငံရေးလောကပါလတရားတွေနဲ့ ညီညွတ်ပါလိမ့်မယ်။ မဲဆန္ဒရှင်တစ်ဦးစီမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အခွင့် အရေးရှိတာမှန်ပေမယ့် အဲဒီအခွင့်အရေးကို လက်တွေ့အသုံးချရမယ့် ရွေးကောက်ပွဲမှာ ပြည့်ပြည့်ဝဝ အသုံး ချခွင့်မရဘူးဆိုရင် (သို့မဟုတ်) ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာ၊ ချော့မြှူတာ စတဲ့ ဒီမိုကရေစီ အပြုအမူနဲ့ မလျော်ကန် မကိုက်ညီတဲ့အခြေအနေများ ပေါ်ပေါက်လာရင်ဖြင့် ရှိပြီးသားသူတို့အခွင့်အရေးတွေ ဆုံးရှုံးပါလိမ့်မယ်။ အဲဒါကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တကွ နိုင်ငံရေးပါတီ၊ ကြီး၊ လတ်၊ ငယ်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ဝန်းရံသူတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည့်တဲ့ လူမှုအဖွဲ့အစည်းတွေက ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ အသီးသီးတာဝန်ယူပါဝင်ဆောင်ရွက်ကြပါစေကြောင်း အလေးအနက် တိုက်တွန်းအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မဲဆန္ဒရှင်လူထုကြီးကို မေတ္တာရပ်ခံ ပန်ကြားလိုတာကတော့...
ကျွန်တော်တို့ပါတီရဲ့ ဗြဟ္မစိုရ်တရား အခြေခံဒီမိုကရေစီဝါဒနှင့်စနစ်၊ လမ်းစဉ်တို့သည်သာ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အကောင်းမြတ် အသင့်လျော်ဆုံး ဖြစ်တာရယ်၊ ဒီလမ်းစဉ်၊ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်မယ့် ကျွန်တော်တို့ ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးစီရဲ့ နိုင်ငံရေးအတွေ့အကြုံ၊ ဒီမိုကရေစီ အရေးတော်အပေါ် သစ္စာမြဲမြံစွာ ကိုယ်ရေးကိုယ်တာများ စွန့်လွှတ် အနစ်နာခံဆောင်ရွက်လာမှု အစဉ်အလာ၊ ပြည့်စုံမြင့်မားတဲ့ ပညာအရည်အချင်းရယ် စတာတွေကို ကြည့်ရှုစစ်ဆေးလျက် မေတ္တာမဲ၊ ကရုဏာမဲများ ချီးမြှင့်ရွေးချယ်တင် မြှောက်ပေးကြပါလို့ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ” ကိုယ်စား တည်ကြည်လေးနက်စွာ ရှင်းလင်းပန်ကြားမေတ္တာရပ်ခံအပ်ပါတယ်။
ထိုမှအပဖြစ်တဲ့ ပြည်ထောင်စုတစ်ဝန်းလုံးက မဲဆန္ဒနယ်တွေမှာ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားစီးပွားဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ်ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတွေအပေါ် ကျွန်တော်တို့ပါတီနည်းတူ ကြိုးပမ်းဆောင်ရွက်နိုင်စွမ်းတဲ့ ညီတော်နောင်တော် ဒီမိုကရေစီသွေးသစ်ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းများကိုလည်း ဆန္ဒမဲ ချီးမြှင့်ပေးကြဖို့ မေတ္တာ ရပ်ခံ ပန်ကြားတိုက်တွန်းအပ်ပါတယ်။
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။