နေပြည်တော် စက်တင်ဘာ ၉
(၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ၏ နိုင်ငံရေးရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် စတင်ကျင်းပရာ မြန်မာအဖွဲ့ခေါင်းဆောင်၊ AIPA ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာ သန်းဝင်းနှင့် ဦးမောင်မောင်လတ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ “Parliamentary Diplomacy for Sustainable Peace, Security and Prosperity in ASEAN” အဆိုကို ဆွေးနွေးကြရာတွင် နိုင်ငံ ရေးရာကော်မတီ အစည်းအဝေး၏ မြန်မာအဖွဲ့ခေါင်းဆောင် ဦးဇော်သိန်း က အာဆီယံပဋိညာဉ်စာတမ်းတွင် အဖွဲ့ဝင်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ ပြည်တွင်းကိစ္စကို ဝင်ရောက်စွက်ဖက်သည့် မည်သည့် အဆိုမူကြမ်းစာပိုဒ်ကိုမဆို ကန့်ကွက်မည်ဖြစ်ကြောင်း၊ ယခုအဆိုမူကြမ်းတွင်ပါရှိသည့် ရခိုင်ပြည် နယ်ကိစ္စနှင့်သက်ဆိုင်သည့် စာပိုဒ်အမှတ် OP 9 နှင့် OP 10 ကို ကန့်ကွက်ကြောင်းနှင့် အဆို မူကြမ်းမှ ပယ်ဖျက်ပေးရန် ဆွေးနွေးသည်။ ယင်းအဆိုမူကြမ်းအပေါ် အဖွဲ့ဝင်ပါလီမန်အားလုံး၏ သဘောတူညီချက် (consensus) မရရှိသည့် အတွက် အဆိုမူကြမ်းအား အတည်ပြုနိုင်ခြင်းမရှိ ကြောင်း သိရသည်။
ဆက်လက်၍ စီးပွားရေးရာကော်မတီအစည်းအဝေးကို ကျင်းပရာ မြန်မာအဖွဲ့ခေါင်း ဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်နှင့် ဦးဘိုဘိုဦး၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် “The Role of Parliaments in Promoting ASEAN Cohesiveness and Economic Recovery post COVID-19” အဆိုကို ဆွေးနွေးအတည်ပြုသည်။
မွန်းလွဲပိုင်းတွင် လူမှုရေးရာကော်မတီအစည်းအဝေးကို ကျင်းပရာ မြန်မာအဖွဲ့ခေါင်း ဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမောင်မောင်လတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အစီရင်ခံစာ (၂ )နှင့် “Enhancing the role of AIPA to support the ASEAN Social-Cultural Community in responding to the COVID-19” အဆိုများကို ဆွေးနွေးအတည်ပြုသည်။
ဆက်လက်၍ AIPA ၏ အုပ်ချုပ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးကို ကျင်းပရာ မြန်မာ အဖွဲ့ခေါင်းဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းနှင့်အတူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် AIPA ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် သက်ဆိုင်သည့် အစီရင်ခံစာ (၃) ခုနှင့် အဆိုမူကြမ်း (၁၃) ခုကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ဒုတိယစုံညီအစည်းအဝေး (Second Plenary Session) နှင့် ညီလာခံပိတ်ပွဲအခမ်းအနားတို့ကို စက်တင်ဘာ ၁ဝ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)