နေပြည်တော် စက်တင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး” တေးသရုပ်ဖော် ဗီဒီယိုဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက ၁၉၆၇ ခုနှစ်မှစ၍ ကျင်းပလာခဲ့သည့် နိုင်ငံတကာစာတတ် မြောက်ရေးနေ့ကို မြန်မာနိုင်ငံတွင် လည်းနှစ် စဉ်အစဉ်အလာမပျက် ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အချိန်ကာလတွင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့ လျက်ရှိနေဆဲဖြစ်ပါကြောင်း၊ ယခုကိုဗစ်ကမ္ဘာ့ကပ် ရောဂါကူးစက်မြန်သည့် အခြေအနေကြောင့် လက်ရှိစာတတ်မြောက်မှု အခြေအနေ၊ ကျောင်းပညာရေး၊ တစ်သက်တာသင်ယူရေး အခွင့်အလမ်းများတို့ကို စိန်ခေါ်မှုများ ပိုမိုများပြားလာစေပါကြောင်း။
ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့စာသင်ကျောင်းများ၊ အခြားပညာသင်ယူခွင့်ရသည့် နေရာများပိတ်ထားခဲ့ရပြီး၊ နိုင်ငံပေါင်း ၁၉၀ ကျော်ကပညာသင်ယူနေသူပေါင်း ၁ ဒသမ ၆ ဘီလီယံနီးပါးနှင့် အခြေခံပညာဆရာဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော သင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေခဲ့ ကြောင်းကို ကုလသမဂ္ဂကမ္ဘာ့ ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြထားပါ ကြောင်း။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၁၆၅ နိုင်ငံရှိ မူလတန်းကျောင်းသား ၆၃ သန်း တို့သည် လည်းနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့လာရပါကြောင်း၊ အဝေးသင်ပညာရေး အစီအစဉ်များသည်လည်း ကလေးငယ်များ၊ လူငယ်များအတွက် ကျောင်းသင်ပညာရေးကဲ့သို့ အရေးပါလာသလို အွန်လိုင်းသင်ယူမှုနှင့် အွန်လိုင်းသင်ခန်းစာများ၊ ပုံနှိပ်ဖြန့်ဝေခြင်းများ၊ တီဗီ၊ ရေဒီယိုစသည့် အသံလွှင့်အစီအစဉ်များနှင့် ဖြစ်နိုင်သည့် သင်ယူမှုအခွင့်အလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်လာခဲ့ကြပါကြောင်း။
အထူးသတိပြုသင့်သည်မှာ ယခုလိုသင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကို အလျှင်အမြန် တုံ့ပြန်ကုစားမှုမပြုနိုင်ကြလျှင် အနာဂတ်မျိုးဆက်များအပေါ်ပါ ခြိမ်းခြောက်လာနိုင်ပြီး၊ ဆယ်စုနှစ်ချီသည့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိခိုက်နစ်နာဆုံးရှုံးမှုများပြား စေနိုင်သည့်အချက်ဖြစ်ပါကြောင်း၊ ယခုလိုစိန်ခေါ်မှုများနှင့်အတူ တဖက်တွင်လည်း သင်ယူရေးနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများ ဆက်လက် ဖြစ်ပေါ် နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာလလူနေမှုပုံစံသစ် (New Normal) နှင့်အတူသင်ယူမှု ပုံစံသစ် (New Learning Model)များကိုလည်း ICT နည်းပညာများ၊ မီဒီယာနည်း ပညာများအပေါ် အခြေခံပြီးကမ္ဘာ့နိုင်ငံများနှင့် ပညာရေးအသိုင်းအဝိုင်း တစ်ခုလုံးက တီထွင်ကြံဆဖော် ထုတ် ဖြေရှင်းလာကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သင်ယူမှုပုံစံသစ်များဖြင့် အရည် အသွေးရှိ သောပညာရေးအတွက် စနစ်တကျ ပြန်လည်ကုစားပြီး အရှိန်အဟုန် ဖြင့် စီမံဆောင် ရွက်နေခြင်းနှင့်အတူ “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး” ရည်မှန်းချက်ကို အောင်မြင် ပေါက်မြောက်စေရေးတို့အတွက် သင်ယူမှုအခွင့်အလမ်းရရှိရန်၊ အခက်အခဲရှိ၍ ထိခိုက်နစ်နာ ဆုံးရှုံးနိုင်သောကလေး၊ လူငယ်များတို့ကို ဦးစားပေး ဖြည့်ဆည်းပံ့ပိုးပေးရန်၊ ပြောင်းလဲလာသည့် သင်ယူမှုပုံစံသစ်များအတွက် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ဆောင်ရွက်ပေးရန်၊ သင်ယူမှုစဉ်ဆက် မပြတ်ရှိစေရန် နှင့် ပိုမိုကောင်းမွန် လာရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ စနစ်တကျ ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို အဓိကပိုမိုအလေးထားသင့်ပါကြောင်း၊ ယခုကြုံတွေ့နေရသည့် သင်ယူမှု အခွင့်အလမ်းရရှိရေး အခက်အခဲများတို့ကိုလာမည့် မျိုးဆက်သစ်များ အထိမထိခိုက်စေရေး၊ အားလုံးအတူတူပူးပေါင်း၍ စုပေါင်းအင်အားဖြင့် အလျှင်အမြန်ဝိုင်းဝန်းဆောင်ရွက် သင့်ကြောင်းကို ကုလသမဂ္ဂမူဝါဒအစီရင်ခံစာတွင် တိုက်တွန်းထားသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး ချမှတ် ထားသည့် လူအုပ်စုမဖြစ်ပေါ်ရေး၊ နှာခေါင်းနှင့် ပါးစပ်တို့ကိုမတ်စ်ခ် လုံခြုံစွာတပ်ဆင်ရေး၊ တစ်ဦးနှင့် တစ်ဦး learning distancing အနည်းဆုံး ၆ ပေခြားရေး၊ ကိုယ်ပူချိန်တိုင်းတာရေး၊ စနစ်တကျ စက္ကန့် ၂၀ ကြာ လက်ဆေးရေးစသည်တို့ အပါအဝင်သတ်မှတ် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များတို့ကို တိကျစွာ လိုက်နာပြီး သင်ယူမှုမဆုံးရှုံးရေး စီမံဆောင်ရွက်ခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပံ့ပိုး၍ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများဖြင့် စာသင်ခန်းတွင်း၌ ကျောင်းသားဦးရေနည်းနည်း ဖြင့် သင်ယူခြင်း (Small group learning)၊ အိမ်တွင် မိဘမိသားစု အကူအညီဖြင့် သင်ယူခြင်း၊ အွန်လိုင်း၊ အော့ဖ်လိုင်း၊ ပေါင်းစပ်သင်ယူခြင်း၊ TV နှင့် Radio ထုတ်လွှင့်မှု အစီအစဉ်များဖြင့် သင်ယူခြင်း၊ ကျောင်းတက်ချိန်ကိုလည်းတစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ် ခြားနှစ်သုတ် (၃)ရက်တက် စီစဉ်ခြင်းစသည့် သင်ကြားသင်ယူမှုပုံစံသစ်များဖြင့် တန်ဖိုးမဖြတ် နိုင်သောအတွေ့အကြုံ များစွာရရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခုလိုပြောင်းလဲလာသည့် သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျောညီထွေ ဆောင်ရွက် နိုင်ရန်အတွက် ဆရာ၊ ဆရာမများကို သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျော ညီထွေရှိမည့် သင်ပြ နည်းသစ်များကိုအသုံးချနိုင်ရေးအတွက် လေ့ကျင့်ပေးရန်၊ လိုအပ်ချက်များသော အခက်အခဲရှိသည့် ဒေသများပိုမိုဖြည့်ဆည်းရန်၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းရန်တို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့် Literacy teaching and learning in the COVID-19 crisis and beyond – The role of educators and changing pedagogies “COVID-19 ကာလနှင့် အလွန်မှာ၊ ဆန်းသစ် ထိရောက်သော သင်ကြားသင်ယူမှု နည်းလမ်းများအသုံးချလို့၊ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဟူသော ဦးတည်ချက်နှင့် အညီ ကိုဗစ်-၁၉ ကာလနှင့်အလွန်ကာလများတွင် ဆရာဆရာမများအား သင်ကြား သင်ယူမှု နည်းလမ်း သစ်များအတွက် လေ့ကျင့်ပေးခြင်း၊ ပညာရေးအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို စုပေါင်းအင် အားနှင့် အတူတူအားဖြည့်၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင် အထွေထွေအတွင်းရေးမှူး၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၂၀ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့ဆိုင်ရာ Concept Note ကို ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် “စေတနာပန်းတို့လန်းရာမြေ“ ဂုဏ်ပြုတေးသရုပ်ဖော် ဗီဒီယိုပြသ၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)