Skip to main content

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဆရာ၊ ဆရာမများအား ဆုချီးမြင့်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မကွေး စက်တင်ဘာ ၈

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကားပြောကြားကာ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ထူးချွန်ဆုပေးပွဲများ ကျင်းပပေးခဲ့တာကလည်း ဒီဒေသ ရဲ့ပညာရေးဖွံ့ဖြိုးမှုနဲ့ ထူးချွန်ထက်မြက်တဲ့ လူသားအရင်းအမြစ်များ ပေါ်ထွန်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အလျဉ်းသင့်လို့ လက်ရှိပြည်သူ့အစိုးရရဲ့ ပညာရေးကဏ္ဍအပေါ် ထားရှိတဲ့ သဘောထားနဲ့မူဝါဒကို ပြောချင်ပါတယ်၊နိုင်ငံတော်ကို ဦးဆောင်နေတဲ့ လူထုခေါင်းဆောင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ခုနှစ် မေလက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလယ်တန်းသင်ရိုးသစ် ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဆရာ ဆရာမတွေကို ပြောကြားခဲ့တာလေးဖြစ်တယ်၊ဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေပါ သေးကြောင်း၊အဓိက ကတော့ ပညာရေးစနစ်ပဲဖြစ်ပါ ကြောင်း၊ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံတွေကို အချိန်တိုအတွင်းမှာ ရင်ဘောင်တန်းနိုင်ပြီး အမီလိုက်နိုင်မှာဖြစ်ကြောင်း၊ မြန်မာကျောင်းသား၊ ကျောင်းသူများကို အခြားနိုင်ငံက ကျောင်းသား ကျောင်းသူများထက် တမူထူးပြီး တော်စေချင်ကြောင်း၊ကျောင်းစာသာမက စာရိတ္တနဲ့ ပူးပေါင်း ဆောင်ရွက်မှု အပိုင်းမှာ တော်စေချင်ကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံသားများ အတူပူးပေါင်းပြီး အစုလိုက် အဖွဲ့လိုက် ဆောင်ရွက်ရာမှာ တော်စေချင်ကြောင်း  ထုတ်ဖော်လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ကလေးသူငယ်များရဲ့ ဘဝအစဖွံ့ဖြိုးမှုကို  ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အရေးကြီးဆုံးနဲ့ တန်ဖိုး အရှိ ဆုံးဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာ တန်ဖိုးထားရှိအောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင် ပေးရာ ရောက်ပါကြောင်း  တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်အဆင့် ဆုရရှိသူ(၃)ဦး၊အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်း၊ အောင်ချက်အကောင်းဆုံးကျောင်း(၃)ကျောင်းမှ ဆရာ ဆရာမများနှင့်(၆) ဘာသာ ဂုတ်ထူးရှင်(၂၂)ဦးတို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၄၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၂၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄၆၇)ဦးနှင့်ထူးချွန် ဆရာ ဆရာမများ(၂၇)တို့၏ ဆုများကို  ဆုရကျောင်းသားကိုယ်စားလှယ်များနှင့် ကိုယ်စား လှယ် ဆရာ ဆရာမများထံ ပေးအပ်ချီးမြှင့်ကာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ထူးချွန် ဆရာ ဆရာမများအား ချီးမြှင့်ခဲ့သည့် စုစုပေါင်း ဆုတန်ဖိုးမှာ(၈၅၅၉၅၀၀၀/-)ကျပ် (ရှစ်ရာငါးဆယ့်ငါး သိန်းကိုးသောင်းငါးထောင်ကျပ်)ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးလွှတော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး များနှင့် (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)