လွိုင်ကော် စက်တင်ဘာ ၈
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၀) ကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘောစ့်ကိုက အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်အတွင်း ယနေ့ အချိန်အထိ COVID-19 ရောဂါ အတည်ပြု လူနာ မရှိသေးပါကြောင်း၊ ကယားပြည်နယ် အနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်တွင်း ၊ ပြည်ပမှ ဝင်ရောက် လာသူများအား လေဆိပ်နှင့် ကားဂိတ်များ၌ စစ်ဆေးခြင်းနှင့် မြို့နယ်များရှိ မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ် (၉) ဂိတ် တို့တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ် အတွင်း ပြည်ပ နိုင်ငံများမှ တရားဝင်/ တရားမဝင် ဝင်ရောက် လာသူများအား သက်ဆိုင်ရာ မြို့နယ် အလိုက် Community Based Facility Quarantine နေရာ (၈) ခု တွင် (၉၉) ဦး ဆောင်ရွက် ထားရှိပြီး ယနေ့အထိ Swab နမူနာ ပေးပို့မှု (၁၀၀၂) ဦး ရှိရာ ရောဂါပိုး တွေ့ရှိသူ မရှိပါကြောင်း ၊ ကိုဗစ်−၁၉ ရောဂါပိုးသည် ယခင်ကထက် ကူးစက်မှု ပိုမိုမြန်ဆန်လာသဖြင့် ယခုဆောင်ရွက်နေသော အနေအထားထက် ပိုမိုကောင်းမွန် ထိရောက်စွာ တုံ့ပြန်နိုင်ရေး အစိုးရ၏ ဦးဆောင်မှုဖြင့် ကဏ္ဍပေါင်းစုံ အလွှာ ပေါင်းစုံတို့မှ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းနှင့် COVID-19 ရောဂါအား အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ပြည်သူ တစ်ရပ်လုံး အစိုးရနှင့်ပူးပေါင်း၍ ဝိုင်းဝန်း တိုက်ဖျက်သွားကြရန် ဖြစ်ပါကြောင်း ၊ ကုသ စစ်ဆေးရာတွင်လည်း Swab နမူနာများကို ယခင်က ရန်ကုန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးခဲ့သော်လည်း ယခုအခါ ကယားပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ဓါတ်ခွဲအတည်ပြု စစ်ဆေးနိုင်ပြီ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ဆွေနွေးရာ တက်ရောက် လာကြသော ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြပြီး ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘောစ့်ကိုက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)