Skip to main content

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ဒသမတန်းလူရည်ချွန်မောင်မယ်များ တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ

တောင်ကြီး ဧပြီ ၂၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်း လူရည်ချွန်မောင်မယ် ၁၄၀ နှင့် ကြီးကြပ်သူ ဆရာ ဆရာမများသည် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း ဦးဆောင်သောအဖွဲ့ဖြင့် နေပြည်တော်လူရည်ချွန်စုရပ်စခန်းမှ ယနေ့ နံနက်ပိုင်းက စတင်ထွက်ခွာကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့သို့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ကြသည်။

အဆိုပါ လူရည်ချွန်အဖွဲ့အား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် အလံငယ်များဝှေ့ယမ်း နှုတ်ဆက်၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ ဘင်ခရာတပ်ဖွဲ့များက ဘင်ခရာ၊ ပန်းဖွားအကများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးခတ်၍လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

နေ့လယ်စာသုံးဆောင်

ထို့နောက် လူရည်ချွန်မောင်မယ်များသည် ကလောမြို့ရှိ မောမြေဦးပန်းခြံနှင့် ကလော နာရီစင်များသို့ သွားရောက်လေ့လာကြပြီး ကလောမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နေ့လယ်စာသုံးဆောင်ကြသည်။

ကြိုဆို

ယင်းနောက် ကလောမြို့မှ ဆက်လက်ထွက်ခွာကြပြီး လူရည်ချွန်စခန်းဖွင့်လှစ်ထားသည့် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြရာ ပြည်နယ်ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဘင်ခရာတပ်ဖွဲ့တို့က အလံငယ်လေးများ ဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်