နေပြည်တော် ဧပြီ ၂၃
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ်(Knowledge Sharing Program)အရ “လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် လုပ်ငန်းခွင်သာယာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
အသိပညာပေးဆွေးနွေးဟောပြောပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် မကြာသေးမီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဟောပြောမှုများကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အောင်မြင်စွာပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆက်စပ်မှု၊ အသက်ရှင်သန်ခွင့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရေးကြီးပုံတို့ကို ထည့်သွင်းဟောပြောခဲ့ပါကြောင်း၊ ယနေ့ဟောပြောပွဲတွင် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် ထိန်းသိမ်းခြင်းများကို မည်သို့ဆောင်ရွက်ရမည်ကို လေ့လာခွင့်ရကြပြီး ကော်မရှင်၏ အဓိကလုပ်ငန်းကြီး (၂) ရပ်ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းကဏ္ဍများတွင် ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဟောပြောဆွေးနွေးမည့် အကြောင်းအရာများသည် လူတိုင်းသိရှိထားသင့်သော အရေးကြီးသည့် ခေါင်းစဉ်ဖြစ်ခြင်းကြောင့် တက်ရောက်လာကြသည့် ဝန်ထမ်းများက သေချာစွာမှတ်သား လေ့လာသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်သူနာပြု တက္ကသိုလ်မှကထိက ဒေါ်အိအိဆွေက “လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရေးနှင့် လုပ်ငန်းခွင်သာယာရေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုဖြစ်ရသည့်အကြောင်းအရာများ၊ စိတ်ဖိစီးမှုများတိုင်းတာခြင်း၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျှော့ချရာတွင် ဆောင်ရွက်ရမည့်အပြုအမူများနှင့် နည်းလမ်းများစသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး စိတ်ဖိစီးမှု လျှော့ချရေး လက်တွေ့သရုပ်ပြမှုများကို ပြုလုပ်ကာ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ဟောပြောပွဲကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်