Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းပေါင်း (၂၀၉၀) သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

တောင်ကြီး   စက်တင်ဘာ   ၇

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသည့်အချိန်ကာလတွင် ရခိုင်ပြည်နယ်နှင့်နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော Positive လူနာများ နှင့် ၎င်းတို့ကိုကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်၊ ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း (၂,၀၉၀) သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၆)မျိုး၊ ထပ်မံပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါကော်မတီ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း က ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ကမ္ဘောဇအုပ်စုမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က ကိုဗစ်-၁၉ ကူးစက်မြန်ကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်းကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ကာကွယ်ကုသရေးအထောက်အကူပြု ပစ္စည်းများ ထပ်မံလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း က ငွေကျပ်သိန်းပေါင်း (၂,၀၉၀) သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးအထောက်အကူပြုပစ္စည်း (၆) မျိုးကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီအချိန်မှစ၍ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ်သိန်းပေါင်း (၅၉,၅၄၂)သိန်းထိ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါ ပိုမိုကူးစက်မြန်ဆန်လာသည့် ကာလမှာဆိုရင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သောကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်း (၇)မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ရွေ့လျားကိုယ်ပူချိန် တိုင်းတာစက် (၆)လုံး၊ စုစုပေါင်းငွေကျပ် (၂၄၀၀)သိန်းကို လှူဒါန်းခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (၆)မျိုး၊ တန်ဖိုးကျပ်သိန်းပေါင်း (၂,၀၉၀)သိန်း အပါအဝင် စုစုပေါင်းလှူဒါန်းမှုငွေကျပ် သိန်းပေါင်း (၆,၃၇၃၂) သိန်း ရှိပြီဖြစ်ကြောင်းနှင့် လှူဒါန်းမှုများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ကမ္ဘောဇဘဏ်မှလှူဒါန်းသည့် ကာကွယ်ကုသရေးအထောက်အကူ ပစ္စည်းများမှာ ဆေးရုံသုံး Mask (၁၀)သိန်း၊ ခေါင်းစွပ်(၁)သိန်း၊ လက်အိတ်(၁)သိန်း၊ မျက်နှာအကာ Face Shield (၅,၀၀၀၀)နှင့် Hand Gel ဘူးကြီး (၅၀၀၀)နှင့် PPE ဝတ်စုံ(၁၀၀၀) တို့ဖြစ်ကြောင်း သိရပြီး ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့အထိကျပ်ငွေ (၁၆၆) ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်၊ အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)