တောင်ကြီး စက်တင်ဘာ ၂
ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ် က ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က တစ်ကမ္ဘာလုံး ကပ်ရောဂါ Pandemic အဖြစ် ထုတ်ပြန်ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံသို့ကူးစက်ရောက်ရှိလာခဲ့ပြီး ရှမ်းပြည်နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ(၁၁)ခုမှ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပါက ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရှမ်းပြည်နယ်အတွင်း Designated Hospital ဆေးရုံ (၈) ခု ဖွင့်လှစ်ဆောင်ရွက်နေပြီး ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀) ဦးကို ကာကွယ် ကုသပေးခဲ့ရာ ပျောက်ကင်းခဲ့ပြီး ယခုအခါ case-652 လူနာကိုလည်း တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံတွင် စောင့်ကြည့် ကာကွယ် ကုသပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း လက်ရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယစောင့်ကြည့်လူနာများ (၃၂၀၉) ဦးကို Community Based Facility Quarantine Center များတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုနေပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နယ်စပ် ဝင်ထွက်ပေါက် များဖြစ်သည့် မိုင်းလား၊ မူဆယ်၊ လောက်ကိုင်(ချင်းရွှေဟော်)၊ တာချီလိတ် တံတားအမှတ်(၂)၊ တာချီလိတ်(လာအိုဝင်ပေါက်)၊ မူဆယ် (အခြားဝင်ပေါက်)တို့မှတစ်ဆင့် နေ့အလိုက် ပြန်လည် ဝင်ရောက်လာသူ ယနေ့အထိ(၅၃၇၉၉)ဦးကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ချိတ်ဆက်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ကချင်ပြည်နယ်လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကရင်ပြည်နယ် မြဝတီ နယ်စပ်ဝင်ပေါက်များမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ပြည်ပပြန်ပြည်သူ (၁၄၉၇၄)ဦးကိုလည်း တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များရှိ Community Based Facility Quarantine Center များတွင် စောင့်ကြည့်ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အစီအစဉ်များနှင့် အာခေါင်တို့ဖတ်နမူနာယူ၍ ရောဂါပိုးမတွေ့သူများကို ၎င်းတို့နေရာအသီးသီးသို့ ပြန်လည် ပို့ဆောင် ပေးလျက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ရောဂါပိုးကူးစက်မှုမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၈)နာရီအထိ ရောဂါပိုးကူးစက်သူ (၈၈၇)ဦးထိ ရှိလာခဲ့ပြီးဖြစ်သည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရန် ရခိုင်ပြည်နယ်ရှိ Stay at Home သတ်မှတ်ထားသောဒေသနှင့် အခြားဒေသမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို စိစစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်၍ Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်ချုပ်၊ ကုသရေးနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး လှဦးတို့မှ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)