လှည်းကူး စက်တင်ဘာ ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) Medical Center (ဖောင်ကြီး)သို့ ကိုဗစ်-၁၉ Positive လူနာများထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ဧည့်ရိပ်သာ(၁) အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရခိုင်ပြည်နယ် တွင် လက်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း များပြားနေသောကြောင့် ၎င်းပြည်နယ်တွင် ကျန်းမာရေး ဝန်ထမ်းနည်းပါးခြင်း၊ ကူးစက်မှုနှုန်းများပြားခြင်း၊ ၎င်းလူနာ များ အား ထားရှိကုသရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ၎င်းပြည်နယ်ရှိ ကိုဗစ်-၁၉ Positive လူနာများအား လေကြောင်း အစီအစဉ်ဖြင့် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ပြီး ရန်ကုန်လေဆိပ်မှ တစ်ဆင့် Medical Center (ဖောင်ကြီး)သို့ ပြောင်းရွှေ့ကုသရန် လုပ်ငန်းစဉ်များ၊ လူနာများထပ်မံ ရောက်ရှိလာပါက ကျန်းမာရေးဝန်ထမ်းများ ထပ်မံပြီး ဖြည့်တင်းဆောင်ရွက်မည့် အစီအမံများ၊ ယခုလက်ရှိအချိန်တွင် တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်များအပြင် ယခုထက်ပိုမို၍ တာဝန်ထမ်းဆောင်ရန်အတွက် နောက်ထပ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်များ ထပ်မံရရှိစေရန်အတွက် ညှိနှိုင်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ယခုလက်ရှိချိန်တွင် Medical Center အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဦးစိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အတွက် မြို့နယ်အဆင့်ကော်မတီဝင်များ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)