နေပြည်တော် ဩဂုတ် ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ပြည်မြို့ သရေခေတ္တရာ ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး သရေခေတ္တရာ မြို့ဟောင်းအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်အသစ်များ ဖော်ဆောင်နိုင်ရေး အခြေအနေ များကို လေ့လာကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရွှေဆံတော်ဘုရားသို့ သွားရောက်ကာ ဘုရားဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ အလွန် ဘုရားများ ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးများ ဘေးကင်းလုံခြုံရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုအပ်သလို ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုထားသော Tourism National Guidelines for COVID-19 Safe Services (Beta Version – V) အား ဘုရားဂေါပကအဖွဲ့သို့ ပေးအပ်ကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့ဝင်များနှင့် ပြည်မြို့ရှိ Alinkar ( PYAY) Hotel & Resort ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်အလိုက် ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အမျိုးသား အဆင့်တွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကိုလည်းကောင်း၊ ပြည်ထောင်စု အဆင့်တွင် ခရီးသွားလုပ်ငန်း ကော်မတီကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (RTC) များကိုလည်းကောင်း အဆင့်ဆင့်ဖွဲ့စည်းကာ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလိုင်စင် ဆိုင်ရာ လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (RTC) များသို့ လုပ်ပိုင်များခွဲဝေ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ ဒေသအလိုက်ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ ဒေသခံရပ်မိ ရပ်ဖများနှင့် ဒေသခံလုပ်ငန်းရှင်များ အချိုးညီညီပါဝင်သည့် ခရိုင်အဆင့်/မြို့နယ်အဆင့် ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးကော်မတီ (DMO) များကို RTC များက လိုအပ်သလိုဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်း သာယာလှပရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံရေးတို့ကို ခရီးစဉ်ဒေသစီမံခန့်ခွဲ ရေးကော်မတီ (DMO) များက ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ နှင့် တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေ များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သရက်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) လျာထား အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ လုပ်ငန်းရှင်များနှင့် ဒေသခံများအတွက်ပါ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO)များ အနေဖြင့် ခရီးသွားပြည်သူများကို ဘေးအန္တရာယ် မဖြစ်စေရန် လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်သော ခရီးစဉ်ဒေသမျိုးဖြစ်အောင် ကြပ်မတ် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေး ကော်မတီ (DMO) တွင် ပါဝင်မည့်သူများနှင့် ဒေသခံမြို့မိမြို့ဖများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများနှင့် ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်မှု များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူ များနှင့်အတူ သရက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်တစ်ရာ့သုံးဆယ်ကျော် ဂေါက်ကွင်း၊ တူရကီ စစ်သင်္ချိုင်းနှင့် ရွှေသက်လွတ်စေတီတော်မြတ်ကြီးသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)