တောင်ကြီး ဩဂုတ် ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံတော်မှခွင့်ပြုပေးသော လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ အဆောင်အယောင်များ ခံစားလျက်ရှိသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ တာဝန်ကျရာဒေသဖြစ်သော ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ အားကြိုးမာန်တက် တာဝန်ဝတ္တရားများ ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု မှာဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ လာရောက်စဉ် နိုင်ငံဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ နိုင်ငံတော်သမ္မတ က နိုင်ငံဝန်ထမ်းများ အနေဖြင့် တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး စုပေါင်းမောင်းနှင်အားဖြင့် အကောင်းဆုံး ဆောင်ရွက်လျှင် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ထောင်ရာတွင် ပိုမိုလျှင်မြန်လွယ်ကူ နိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေး ကောင်းမွန်သည်နှင့်အမျှ နိုင်ငံတော်ကြီး ပိုမို လျှင်မြန်စွာ တိုးတက်လာမည်ကို မိမိအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ခွင့်ပြုပေးသည့် လစာများ၊ စရိတ်များ၊ အဆောင်အယောင်များကို ခံစားကြသည့် ဝန်ထမ်းများအားလုံး လေးလေးနက်နက် သိရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တရားမျှတမှုကို ခံစားပိုင်ခွင့်ရရှိရန် လိုအပ်ပါကြောင်း၊ တရားမျှတစွာနှင့် ကိုယ်ချင်းစာစိတ်များဖြင့် ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီစနစ်ကြီး ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့သည့်အတွက် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူအဖြစ် လိုက်နာကျင့်သုံးကြ ရန်လိုသကဲ့သို့ မိမိလက်အောက်ရှိ ဝန်ထမ်းများကိုလည်း ချပြရှင်းလင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၉၇)ခုမှ ပြည်နယ်အဆင့် အကြီးအကဲများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း ကိုယ်ပွား သတင်းစာတိုက်၊ တိုင်းရင်းဆေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း က ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)