အချိန်တိုအတွင်း သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှုရလဒ်ကောင်းများရရှိအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်
နေပြည်တော် စက်တင်ဘာ ၁
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၁၂.၂၀၂၂) ရက်နေ့က ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဒေသကြီးကြပ်ရေး အဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီပြည့်စုံညီညွတ် မှန်ကန်စေရေး ဆောင်ရွက်ခဲ့သည့် ကိုးလတာကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၃) ကြိမ် ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ (၅၀) ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တွင် အများစုလွဲမှားလေ့ရှိသည့် အချက် ၁၉ ချက်ကို အမြန်ဆုံးပြန်လည် ပြင်ဆင်ရမည့် အနိမ့်ဆုံးအခြေခံသတ်မှတ်ချက်များအဖြစ် သတ်မှတ်ဖော်ထုတ် ဖြန့်ဝေထားပြီးဖြစ်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ထို့ပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် Road Safety Audit ကွင်းဆင်းစစ်ဆေးသုံးသပ်မှုများကို အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်မံဖော်ထုတ်တွေ့ရှိချက်များကိုလည်း ဆက်လက်၍ ဒေသကြီးကြပ်ရေးအဖွဲ့များသို့ ဖြန့်ဝေအကြောင်း ကြားသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (၅.၁၂.၂၀၂၂) ရက်နေ့မှ (၁၅.၈.၂၀၂၃) ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၂၆၀၆) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၁၈၀၀၈ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၄၅ မိုင် ၄ ဖာလုံ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၆၈၃ ခု၊ အခြားလမ်း အမှတ်အသား ၇၅၃၉ ခုနှင့် အချက်ပြ ၆၃၅ ခု ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အသစ်ဆောင်ရွက်မှုများအနေဖြင့် လမ်းညွှန်း ၁၄၅၉၀၊ အလျားလိုက် မျဉ်းအမှတ်အသား ၈၇၁ မိုင် ၇ ဖာလုံ ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၃၈၁ ခု၊ အခြားလမ်းအမှတ်အသား ၄၃၂၃ ခုနှင့် အချက်ပြ ၁၄၃ ခု ထပ်မံဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒေသတစ်ခု ချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် သုံးသပ်ပါက အလေးထား ကြိုးပမ်း ဆောင်ရွက်ကြသော်လည်း တိုင်းဒေသကြီး / ပြည်နယ် အသီးသီးတွင် အားနည်းချက်၊ လိုအပ်ချက်အချို့ရှိနေသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်း ဒေသကြီး/ ပြည်နယ်များအနေဖြင့် အားနည်းချက်/ လိုအပ်ချက်များ အပေါ်၌ ယခုထက် ပိုမိုအားထုတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ် သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အပြင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) ၏ ရည်မှန်းချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်၌ ပိုမိုအားစိုက်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ခွင့်ပြုဘဏ္ဍာငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြည့်စုံမှန်ကန်စွာ အချိန်မီပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေး အဖွဲ့အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် (၅.၁၂.၂၀၂၂) မှ (၁၅.၈.၂၀၂၃) အထိ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်ချက်များကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ၌ လမ်းအန္တရာယ်ကင်းရှင်းရေး စိစစ်အကဲဖြတ်လုပ်ငန်း (Road Safety Audit) ၏ အခန်းကဏ္ဍ အပေါ် လေ့လာတင်ပြချက်များကလည်းကောင်း PowerPoint Presentation ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရန်ကုန်နှင့်မန္တလေး မြို့တော်ဝန်များနှင့် ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြပြီး ဒေသအလိုက် လမ်းပိုင်းအားလုံး၌ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်ရေး၊ ဒေသအလိုက် ဦးစားပေး လုပ်ငန်းစဉ်များကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အချိန်တိုအတွင်း သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှု ရလဒ်ကောင်းများ ရရှိရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်ရေး လုပ်ငန်းစဉ်များသည် ပြည်သူအများစု၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို အဓိကအထောက် အကူပြုလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်