Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး

အမျိုးသားအဆင့်ဗဟိုကော်မတီ

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်)

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၈.၈.၂၀၂၀) နေ့၊ နံနက်ပိုင်း မြန်မာစံတော်ချိန် (၀၉:၃၀) နာရီတွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ကမ္ဘာတွင် (COVID-19) ရောဂါ ဖြစ်ပွားသူ (၂၁.၅) သန်းခန့်ရှိ၍ သေဆုံးသူ (၇.၆)သိန်းကျော်ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်များပြားလျက် ရှိနေပါသည်။

၂။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ (၂.၆) သန်းခန့်နှင့် သေဆုံးသူ (၅၀,၉၂၁) ဦးဖြင့် ကမ္ဘာတွင်ဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဖြစ်ပွားသူ (၂.၇)သိန်းကျော်နှင့် သေဆုံးသူ(၃,၆၅၇) ဦး ရှိနေပါသည်။ အဆိုပါနိုင်ငံများတွင် ဖြစ်ပွား/သေဆုံးသူဦးရေမှာ နေ့စဉ် ဆက်လက်မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိနေရပါသည်။

၃။ မိမိတို့နိုင်ငံတွင် (COVID-19) ကူးစက်ဖြစ်ပွားမှုပထမလှိုင်း၏ အကျပိုင်းသို့ရောက်ရှိနေပြီး ပထမလှိုင်း မကြာမီ ပြီးဆုံးတော့မည်ဟုဆိုနိုင်သည့် အခြေအနေဖြစ်ပါသည်။ ယနေ့နံနက်ပိုင်းအထိ ရောဂါဖြစ်ပွားသူ(၃၇၆)ဦးရှိကာ ၎င်းတို့အနက် (၆)ဦးသေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၃၃၁)ဦးရှိပြီ ဖြစ်ပါသည်။ (၁၈-၆-၂၀၂၀)ရက်နေ့မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူ (၁၁၄) ဦးရှိသည့်အနက် (၂) ဦးသာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် (၁၁၂) ဦးသည် ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ပါသည်။ ဤသို့ ထိန်းချုပ်နိုင်ခဲ့ခြင်းမှာလည်း ပြည်သူသာလျှင် အဓိကဖြစ်သည့်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှု၊ လိုက်နာခဲ့မှုကြောင့် ဖြစ်ပါသည်။

၄။ အထူးသတိပြုရမည့်အချက်မှာ မိမိတို့နိုင်ငံတွင် ရောဂါပိုးတွေ့ရှိရသူများအနက် ထက်ဝက်ကျော်ဖြစ်သည့် (၆၁%)ခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာပြသခြင်းမရှိသူများ ဖြစ်ပါသည်။

အကယ်၍ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ COVID-19 ဗိုင်းရပ်စ်ပိုးရှိနေသောသူများ ရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ်ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်သည့် အလားအလာများစွာရှိပါသည်။ ဤကဲ့သို့ရောဂါဒုတိယလှိုင်းအဖြစ် ရောဂါပြန်လည် ဖြစ်ပွား/သေဆုံးနေမှုများကို အိမ်နီးနားချင်းနိုင်ငံ အချို့နှင့် ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည် ဟုဆိုခဲ့သော ကမ္ဘာ့နိုင်ငံကြီးအချို့တွင် တွေ့ရှိနေရပြီး ခက်ခဲစွာ ပြန်လည်ထိန်းချုပ်နေရသည်ကိုလည်း တွေ့ရှိရပါသည်။

၅။ မိမိတို့ပြည်သူများအကြားတွင် COVID-19 ကာကွယ်ရေးအတွက် အဓိကလိုက်နာဆောင်ရွက်ရမည့် အချက်များကို နိုင်ငံတွင်းကူးစက်မှုများခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ဧပြီလနှင့် မေလတို့တွင် လိုက်နာမှု အားကောင်း ခဲ့သော်လည်း ဇွန်လအလယ်ခန့်မှစတင်၍ လိုက်နာမှုအားနည်းနေသည်ကို တွေ့ရပါသည်။

၆။ အကယ်၍ မိမိတို့နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက် များပြားစွာ ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန်ခက်ခဲသောရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာပါက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေးစသည့် ကဏ္ဍမျိုးစုံတွင် ဆိုးကျိုးများစွာ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။

၇။ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအားလုံးက လိုက်နာလျှင် လိုက်နာသကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာစေနိုင်သည့် COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို တားဆီးကာကွယ်နိုင်မည် ဖြစ်ပါ သည်။ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မဖြစ်ပေါ်စေရန် အောက်ဖော်ပြပါ အဓိကအချက် (၅)ချက်ကို တိတိကျကျလိုက်နာပြီး မိမိတို့ ပြည်သူအားလုံး အတူတကွ ဝိုင်းဝန်းကာကွယ်ကြပါရန် တိုက်တွန်းအပ်ပါသည် -

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ) တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။

(ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

(င) နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ပါရန်၊ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများတွေ့ရှိပါက မဖြစ်မနေသတင်းပို့ပါရန်။