Skip to main content

မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကို ကောက်ယူမည့် အစီအစဉ်သည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ စစ်မှန်စွာ ချမှတ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ယခုကဲ့သို့သော စစ်တမ်းကောက်ယူခြင်းဖြင့် မိမိတို့နိုင်ငံ၏ လက်ရှိ ကျန်းမာရေးအခြေအနေများကို ပိုမိုတိကျစွာသိရှိလာနိုင်ပြီး မှန်ကန်ထိရောက်သည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အရင်းအမြစ်များကို လိုအပ်သည့်နေရာသို့ မှန်ကန်စွာ ခွဲဝေချထားခြင်း၊ အရေးကြီးသည့် ကျန်းမာရေး စီမံချက်များကို ဦးစားပေးဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် ယခင်ကောက်ယူ ခဲ့သော မြန်မာနိုင်ငံ လူနေမှု ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၁၆) မှ စစ်တမ်းတွေ့ရှိချက်များကို နောက်ခံထားရှိကာ မိမိတို့ယခုကျင့်သုံးလျက်ရှိသော နည်းဗျူဟာများကို လိုအပ်လျှင်လိုအပ်သလို ပြောင်းလဲ၍ ပြည်သူများ၏ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကုသရေးဝန်ဆောင်မှုများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်းမှ တွေ့ရှိချက်များကို မည်သည့် အတိုင်းအတာအထိ ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်များကို သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ ယခုကောက်ယူမည့် စစ်တမ်းတွင် ကျန်းမာရေးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ဆက်စပ်သည့် အချက်အလက်အကြောင်းအရာ (parameter) သစ်များကိုလည်း မဖြစ်မနေ ထည့်သွင်း ရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် အဖြစ်ပြုစုထားသော သုတေသနခေါင်းစဉ်ဘဏ်မှ ယခုစစ်တမ်းနှင့် နှီးနွှယ်နေသည့် သုတေသနများကိုလည်း ယှဉ်တွဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့သော စစ်တမ်းကြီးများမှ တွေ့ရှိချက်များနှင့် ပတ်သက်၍ မိခင်၊ ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သုတေသနများ ဆက်လက် ပြုလုပ်စေလိုပါကြောင်း၊ ယခု စစ်တမ်းကောက်ယူရာတွင် စစ်တမ်းကောက်ယူမှုနည်းစနစ်နှင့် ကောက်ယူမည့် အိမ်ထောင်စု အရေအတွက်နှင့် နေရာဒေသ သတ်မှတ်မှု (sampling method and sample size) တို့သာမက ကောက်ယူမည့် အချိန်၊ စစ်တမ်းကောက်ယူသူများကို သင်တန်းပေးခြင်း၊ စစ်တမ်းကောက်ယူမှု လုပ်ငန်းစဉ်ကို စောင့်ကြည့် ဆန်းစစ်ခြင်းတို့အားလုံးသည် ဤစစ်တမ်းကောက်ယူမှု အောင်မြင်စေရန် အရေးကြီးသည့်ကဏ္ဍများ ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ လေ့ကျင့်မှု၊ စစ်တမ်းကောက်ယူမှုစသည့် ကဏ္ဍများအားလုံးသည် တန်းတူညီမျှ အရေးကြီးသည် ဆိုသည့်အချက်ကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊ ဦးဆောင် ကော်မတီတွင် ပါဝင်သော ဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များအနေဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာဖြင့် အကြံပြုဆွေးနွေးကြစေလို ပါကြောင်း၊ စစ်တမ်းကွင်းဆင်းကောက်ယူသူများကို လေ့ကျင့် ပေးရာတွင်လည်း ဦးစီးဌာနအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များနှင့် ယခင်စစ်တမ်း ကောက်ယူခဲ့ရာတွင် ပါဝင်ခဲ့သူများကို ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် (၂၀၂၀-၂၁) စစ်တမ်းကောက်ယူမှုမှာ လျင်မြန်ချောမွေ့ပြီး အောင်မြင် မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စစ်တမ်းကောက်ယူမှုများ၊ နည်းစနစ်များနှင့်ပတ်သက်၍ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့တွင် ‌ဟောပြောဆွေးနွေးမှုများ ဆောင်ရွက်စေလိုပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်း ရမည်ဖြစ်ပါကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်များ ရရှိရေးအတွက် စစ်တမ်းတွင် ပါရှိသော မေးခွန်းများ၏ အရည်အသွေးသည် အလွန်အရေးကြီးပြီး စစ်တမ်းမေးခွန်းများသည် ဖောင်းပွများပြား ခြင်းမရှိပဲ လိုအပ်သည့် ပမာဏအတိုင်းဖြစ်ရန် အပြန်အလှန် ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်စေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁)  သည် နိုင်ငံ၏ ရေရှည်အကျိုးအတွက် အရေးကြီးသဖြင့် အားလုံးစုစည်းညီညာစွာဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ICF အဖွဲ့မှ Survey Manager ဖြစ်သူ Ms. Christina Whang က အမေရိကန်နိုင်ငံမှ Videoconferencing စနစ်ဖြင့် ပြောကြားရာတွင် USAID အဖွဲ့၏ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက် စစ်တမ်းကောက်ယူမှု စီမံကိန်းဖြင့် နိုင်ငံပေါင်း (၉၀) တွင် ဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၁၆) ကို ကောက်ယူရာတွင် ဆောင်ရွက်ခဲ့မှုများ၊ အဆိုပါစစ်တမ်းနှင့် ယခုကောက်ယူမည့် စစ်တမ်းတို့မှ ကွာခြား ချက်များ၊ ယခုကောက်ယူမည့် စစ်တမ်းတွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အကျဉ်းချုံးတင်ပြသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး သတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က စစ်တမ်းကောက်ယူမှု လုပ်ငန်းအဆင့်ဆင့်အတွက် အချိန် ကာလလျာထားချက်များ၊ အကြောင်းအရာကဏ္ဍအလိုက် စစ်တမ်းမေးခွန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေး ခဲ့မှု၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုများကို တင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စစ်တမ်းကောက်ယူမှု နည်းစနစ်များ၊ စစ်တမ်းကောက်ယူမည့် နမူနာသတ်မှတ်မှု၊ ကောက်ယူမည့် အချိန်၊ စစ်တမ်းကွင်းဆင်းကောက်ယူသူ (enumerator) များကို လေ့ကျင့်ပေးရန်၊ စစ်တမ်းမေးခွန်းတွင် ဖြည့်စွက်သင့်သော အကြောင်းအရာ ကဏ္ဍများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများ၊ မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ သုံးသပ်အကြံပေးအစည်းအဝေး များပြုလုပ်ရန်အတွက် အစီအစဉ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး အကြံပြုခဲ့ကြသည်။

ဆက်လက်၍ ကျန်းမာရေး သတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က အဓိက ဆွေးနွေးချက်များအား အကျဉ်းချုံးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)